ရွာထဲသို့ဝင်ရောက်လှုပ်ရှားညအိပ်အခြေပြုနေသော SSPP/SSA အဖွဲ့ကို ဒေသခံရွာသားများ မလိုလား

Dec 22, 2014




21.12.2014

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်၊ နမ့်အတ်ကျေးရွာအုပ်စုနှင့် ၀မ်ပန်ကျေးရွာများတွင် ဒီဇင်ဘာ ၁၉ ရက်နေ့၌ ရှမ်းပြည်တိုးတက်ရေးပါတီနှင

့် ရှမ်းပြည်တပ်မတော် (SSPP/SSA)အဖွဲ့ဝင်များ ၀င်ရောက်လှုပ်ရှားက ညအိပ်အခြေပြုနေ ကြောင်း ယင်းရွာသားများထံမှ သိရသည်။

အဆိုပါအဖွဲ့သည် ဒီဇင်ဘာ ၁၆ ရက်မှ စတင်ကာ မိုင်းရှူးမြို့နယ်၊ ဖာယကျေးရွာတွင် ၀င်ရောက် ညအိပ်အခြေပြုခဲ့ပြီး ဒီဇင်ဘာ ၁၇ ရက်နေ့တွင် နမ့်အတ်ကျေးရွာ၌ ညအိပ်အခြေပြုခဲ့ကြောင်း ရွာခံတစ်ဦးက ပြောသည်။

“ ရွာထဲကို ဖြတ်သွားဖြတ်လာလုပ်တာကို မပြောလိုပါဘူး ဒါပေမယ့် ညအိပ်တာကတော့ မဖြစ်သင့်ဘူးထင်ပါတယ်၊ လက်နက်တွေနဲ့ လာတာဆိုတော့ ကိုယ့်ရှမ်းအချင်းချင်းပေမယ့် မူးယစ်သောက်စားပြီး တစ်ခုခုဖြစ်ရင် ဘယ်လိုလုပ်မလဲ ” ဟု နမ့်အတ်ရွာသားတစ်ဦးက ဆိုသည်။

အဆိုပါအဖွဲ့သည် ဒီဇင်ဘာ ၁၉ ရက်နေ့တွင် နမ့်အတ်ကျေးရွာဘက်မှ ၀မ်ပန်ကျေးရွာသို့ ရောက်ရှိလာပြီး ညအိပ် အခြေပြုခဲ့ကြောင်း ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင်များထံမှ သိရသည်။

“နယ်မြေအေးချမ်းတယ်ဆိုပေမယ့် သူတို့အဖွဲ့ကို သတ်မှတ်ပေးထားတာ ၀မ်ဟိုင်းကျေးရွာမှာပါ။ အဲဒီနေရာမှာပဲ နေခွင့်ရှိ ပါတယ်။ အဲဒီနေရာကနေ ကျော်လွန်ပြီး သွားလာမယ်ဆိုရင် သက်ဆိုင်ရာနယ်မြေခံတပ်တွေကို အကြောင်းကြား ရမှာပါ။ ဒါပေမယ့် အဲဒီအဖွဲ့က မလိုက်နာဘူး၊ သူတို့ကြောင့် ရွာသူရွာသားတွေလည်း စိတ်ပျက်နေကြတယ်”ဟု မိုင်းရှူးမြို့ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက ပြောကြားသွားသည်။

စိုင်းလေး(မိုင်းရှူး)









အပြည့်အစုံသို့ >>

“တရားစွဲသည့်ရဟန်း ပါရာဇိက ကျ/မကျ”




လက်ရှိ အွန်လိုင်းတွင် ပြန့်နှံ့နေသည့် ရဟန်းတစ်ပါးအနေဖြင့် လူတို့အား တရားစွဲဆိုလျှင် ပါရာဇိကကျသည်ဆိုသည့်ကိစ္စနှင့် ပတ်သက်ပြီး လူအချို့ကြား အငြင်းပွားဖွယ်ရာ ဖြစ်နေသည်က တစ်ကြောင်း၊ အချို့ဒကာများမှ မိမိအား လာရောက်မေးမြန်းကြသည်ကတစ်ကြောင်းကြောင့် ထိုကိစ္စနှင့်ပတ်သက်၍ အဆုံးအဖြတ်ကို ၀ိနည်းပိဋကတ်တော်ဆိုင်ရာ ပါဠိတော်၊ အဋ္ဌကထာ၊ ဋီကာတို့အား ကိုးကားပြီး ရေးသားလိုက်ပါသည်။


တရားစွဲလျှင် ပါရာဇိကကျသည်ဆိုသည့်အကြောင်းကို အွန်လိုင်းပေါ် စတင်ရေးသားသူမှာ ရဟန်းတစ်ပါးဖြစ်ပြီး ပါစိတ္တိယအဋ္ဌကထာလာ အာရက္ခံ(ရက္ခံ) ယာစတိ - ဆိုသည့် အဖွင့်ကို မှီငြမ်း၍ ရေးသားဆုံးဖြတ်ထားခြင်း ဖြစ်သည်။ ထိုကြောင့် ဤနေရာ၌လည်း ထိုအဖွင့်ကိုပင် ပဓာနထား၍ ကိုးကားရေးသားသွားပါမည်။ ၀ိနည်းကြောင်းဆိုင်ရာ အဆုံးအဖြတ်ကိုသာ အဓိကထား ရေးသားမည်ဖြစ်ပြီး မူရင်းရေးသားသော ရဟန်းတော်ကို တိုက်ခိုက်လိုခြင်း အလျင်းမရှိသလို မည်သည့်ပုဂ္ဂိုလ် တစ်ဦးတစ်ယောက်ဘက်ကမျှလည်း ရှေ့နေလိုက်လို၍ ရေးသားခြင်းမဟုတ်ကြောင်း သတိပြုစေလိုပါသည်။

ရက္ခံ ယာစတိ - ဆိုသည့် အဖွင့်၌ ရဟန်းတစ်ပါးအနေဖြင့်(ရဟန်းမ ဘိက္ခုနီလည်း အတူတူ) တရားနှင့်လျော်ညီသော အစောင့်အရှောက်ကို တာဝန်ရှိသူတို့ထံ တောင်းခံလျှင် အာပါတ်မသင့်ကြောင်း ဖွင့်ဆိုထားသည်။ ဥပမာ ရဟန်းတစ်ပါး၏ ကျောင်းတွင် ကလေးငယ်တို့ကဖြစ်စေ၊ အရက်သမားတို့ကဖြစ်စေ၊ တစ်ခြားတစ်စုံတစ်ယောက်ကဖြစ်စေ သစ်ပင်ကို ဖျက်ဆီးခြင်း၊ သစ်သီးဝလံကို ခူးဆွတ်ခြင်း၊ ပရိက္ခရာတို့ကို လုယက်ခြင်းစသည်တို့ကို ပြုလျှင် ထိုရဟန်းအနေဖြင့် တရားသူကြီးတို့ထံ သွားပြီး အကျိုးအကြောင်း ပြောပြနိုင်သည်။ ထိုကဲ့သို့ ပြောပြသောအခါ တရားသူကြီးတို့က “မည်သူ ပြုလုပ်သနည်း”ဟု မေးလျှင် “ဤအမည်ရှိသော ပုဂ္ဂိုလ်တွေ ပြုလုပ်ပါသည်” ဟူ၍ ပြုလုပ်သူတို့ကို နာမည်တပ်၍ဖြစ်စေ၊ တိုက်ရိုက်ရည်ညွှန်း၍ဖြစ်စေ မပြောဆိုကောင်းပါ။ အကယ်၍ ထိုသို့ နာမည်တပ်ပြောဆိုခြင်းကြောင့် တရားသူကြီးတို့က ပြုလုပ်သူအပေါ် ဒဏ်ငွေတပ်လျှင် ထိုရဟန်းမှာ ဘဏ္ဍာစားထိုက်ပါသည်။ ဆိုလိုသည်မှာ ထိုဒဏ်ငွေကို ရဟန်းက အစားပြန်လျော်ပေးရမည်။ ဤနေရာ၌ အထူးသတိပြုသင့်သည်မှာ သာရတ္ထဒီပနီဋီကာလာ “ဂီဝါယေ၀ ဟောတိ၊ န ပါရာဇိကံ (ဘဏ္ဍာစားသာလျှင် ထိုက်ပြီး ပါရာဇိက မကျ)” ဆိုသည့် အဖွင့်ဖြစ်သည်။ ထိုကြောင့် ရဟန်းအနေဖြင့် ဒဏ်ငွေကို ဘဏ္ဍာစားပြန်ပေးရမည်သာဖြစ်ပြီး ပါရာဇိက မကျပါ။ (ဘဏ္ဍာစား မပေးလျှင်မူ ပါရာဇိက ကျပါသည်။) အကယ်၍ ရဟန်းအနေဖြင့် နာမည်တပ်၍ ပြောဆိုရုံသာမကဘဲ “ထိုသူတို့အပေါ်၌ ဒဏ်ငွေလည်း တပ်ပါ” ဟု တရားသူကြီးအား စေခိုင်းလျှင် တရားသူကြီးအနေဖြင့် ပြုလုပ်သူတို့အပေါ် ငါးပဲ(တစ်မတ်)ထက်ပိုသည့် ဒဏ်ငွေတပ်လိုက်သည်နှင့် တပြိုင်နက် ထိုရဟန်းလည်း ပါရာဇိက ကျပါသည်။ ဤနေရာ၌ ပဓာနကျသောအရာမှာ ရဟန်းတစ်ပါးအနေဖြင့် ပြုလုပ်သူ တရားခံတို့ကို မည်သူမည်ဝါဟူ၍ ရည်ညွှန်းပြောဆိုခြင်း (သြဒိဿ အာစိက္ခနာ)ကြောင့် ဖြစ်ပြီး အာပါတ်သင့်ခြင်းမှာလည်း ထိုကဲ့သို့ မအပ်စပ်သော ပြောဆိုခြင်းကို အခြေခံပါသည်။

အကယ်၍ တရားသူကြီးတို့က “မည်သူတို့ ပြုလုပ်သနည်း”ဟု မေးမြန်းသောအခါ ရဟန်းအနေဖြင့် “ငါတို့အား ဤကဲ့သို့ ပြောဆိုခြင်းငှာ မအပ်စပ်ပါ။ အသင်ဒါယကာတို့ကိုယ်တိုင်သာ နောင်တစ်ချိန် သိပါလိမ့်မည်။ ငါတို့အား တရားနှင့်လျော်ညီသော အစောင့်အရှောက်ကို ပေးပါ။ ခိုးဆောင်သွားသော ဘဏ္ဍာကိုလည်း ပြန်လည်၍ရအောင် ဆောင်ရွက်ပေးကြပါ” ဟု ပြောဆိုကောင်းပါသည်။ ထိုကဲ့သို့ ပြောဆိုခြင်းကြောင့် တရားသူကြီးတို့က သူ့နည်းသူ့ဟန်ဖြင့် စုံစမ်းသိရှိပြီး ပြစ်မှုလွန်ကျူးသူအပေါ် ဒဏ်ငွေတပ်လျှင် ရဟန်းမှာ ဘဏ္ဍာစားလည်း မထိုက်၊ အာပါတ်လည်း မသင့်ပါ။ အဘယ်ကြောင့်ဟူမူ ပြုလုပ်သူတို့ကို မည်သူမည်ဝါဟူ၍ ရည်ညွှန်းပြောဆိုခြင်းမျိုးမဟုတ်ဘဲ အပ်စပ်သောနည်းဖြင့် ပြောဆိုခြင်း (အနောဒိဿ အာစိက္ခနာ) ကြောင့် ဖြစ်သည်။

ရဟန်းတစ်ပါးသည် မိမိပိုင်သည့် ပရိက္ခရာပစ္စည်းတို့ကို သူခိုး ခိုးယူတာ မြင်လျှင်လည် ထိုသူခိုး၏ အကျိုးမဲ့ကို လိုလားသည့်အနေဖြင့်(အနတ္ထကာမတာယ) ‘သူခိုး သူခိုး’ ဟု မအော်ကောင်းပါ။ ထိုသို့ အော်လိုက်ခြင်းကြောင့် သူခိုးကို မိသွားပြီး ဒဏ်ငွေတပ်မည်ဆိုလျှင်လည်း ရဟန်းမှာ ဘဏ္ဍာစားထိုက်သည့်အတွက် ထိုဒဏ်ငွေကို ပြန်လည်ပေးဆောင်ရမည်။ မိမိစကားကို နားထောင်မည့် တရားသူကြီးကို “ဤသူသည် ငါ၏ ပရိက္ခရာတို့ကို ခိုးယူသွားသည်။ ထိုပရိက္ခရာတို့ကို ပြန်ရအောင် ပြုလုပ်ပေးပါ။ သို့သော် သူ့အပေါ် ဒဏ်ငွေ မတပ်ပါနဲ့” ဟူ၍ ရဟန်းတစ်ပါးအနေဖြင့် ပြောဆိုကောင်းပါသည်။ ထိုသို့ ပြောသည့်ကြားမှ တရားသူကြီးက စကားနားမထောင်ဘဲ ဒဏ်ငွေတတ်လျှင် ထိုရဟန်းမှာ အပြစ်မရှိ၊ ဘဏ္ဍာစားလည်း မထိုက်ပါ။

မေးခွန်းထုတ်စရာတစ်ခု ရှိသည်မှာ ပါရာဇိက(၄)ပါးတွင် တရားစွဲဆိုခြင်းဟူ၍ မပါရှိဘဲ အဘယ်ကြောင့် ပါရာဇိက ကျရသနည်းဆိုသည့် မေးခွန်းဖြစ်သည်။ အမှန်အားဖြင့် တရားစွဲခြင်းကြောင့် ပါရာဇိက ကျသည်မဟုတ်။ ဒုတိယ ပါရာဇိကသိက္ခာပုဒ်တွင် ရဟန်းတစ်ပါးအနေဖြင့် တစ်မတ်နှင့် တစ်မတ်အထက်ပိုသော သူတစ်ပါးဥစ္စာကို ခိုးယူလျှင် ပါရာဇိက ကျသည်ဟု ပညတ်ထားပါသည်။ ထိုကြောင့် ရဟန်းတစ်ပါးအနေဖြင့် မအပ်စပ်သော ပြောဆိုနည်းဖြင့် ပြောဆိုသည့်အခါ တရားသူကြီးမှ ပြစ်မှုကျူးလွန်သူကို တစ်မတ်ထက်ပိုသော ဒဏ်ငွေတတ်လျှင် ဒုတိယပါရာဇိကသိက္ခာပုဒ်နှင့် ငြိစွန်းပြီး(ခိုးမှုမြောက်၍) ပါရာဇိကကျခြင်း ဖြစ်သည်။ ဘဏ္ဍာစားထိုက်သည့်အရာကို မပေးလျှင်လည်း ထို့အတူပင်။

လိုရင်းကို အနှစ်ချုပ်ရလျှင်…
(၁) ရဟန်းတစ်ပါးအနေဖြင့် တစ်မတ်ထက်ပိုသော သူတစ်ပါးပိုင် ပစ္စည်းဥစ္စာကို လိုချင်သောကြောင့် တရားစွဲဆိုလျှင် ဥစ္စာရှင်က သူ့ဥစ္စာ ပြန်မရနိုင်တော့ဟု စိတ်လျှော့လိုက်သည်နှင့် တပြိုင်နက် ရဟန်းလည်း ပါရာဇိကကျပါသည်။
(၂) မိမိပိုင် ပစ္စည်းဥစ္စာကို ဖျက်ဆီးခံရသည့်အခါဖြစ်စေ၊ ခိုးယူခံရသည့်အခါဖြစ်စေ မည်သူမည်ဝါဟူ၍ နာမည်တပ်ပြီး မပြောဆိုကောင်းပါ။ နာမည်တပ်ပြောဆိုခြင်းကြောင့် ပြစ်မှုကျူးလွန်သူအပေါ် တရားသူကြီးတို့က ဒဏ်ငွေတပ်လျှင် ရဟန်းမှာ ဘဏ္ဍာစားထိုက်ပါသည်။ ဘဏ္ဍာစားပြန်ပေးလျှင် ပါရာဇိက မကျသော်လည်း ပြန်မပေးလျှင်(တစ်မတ်ထက်ပိုလျှင်) ပါရာဇိကကျပါသည်။ အကယ်၍ တရားသူကြီးက ဒဏ်ငွေမတတ်ဘဲ အခြားအပြစ်ဒဏ်သာပေးလျှင် ဖြစ်စေ၊ ဆိုဆုံးမ၍ ပြန်လွှတ်လိုက်လျှင်ဖြစ်စေ ရဟန်းမှာ ပါရာဇိက မကျပါ။ မည်သူမည်ဝါဟူ၍ နာမည်တပ်ပြောရုံသာမက၊ ဒဏ်ငွေတပ်ဖို့ပါ တရားသူကြီးကို စေခိုင်းလျှင် တစ်မတ်ထက်ပိုသောဒဏ်ငွေကို တရားသူကြီးက ဒဏ်တပ်လိုက်သည်နဲ့ ရဟန်းမှာ ပါရာဇိက ကျပါသည်။ ဘဏ္ဍာစားပြန်ပေးလည်း မရပါ။
(၃) မိမိပိုင် ပစ္စည်းဥစ္စာကို ဖျက်ဆီးခံရသည့်အခါဖြစ်စေ၊ ခိုးယူခံရသည့်အခါဖြစ်စေ မည်သူမည်ဝါဟူ၍ နာမည်တပ်မပြောဘဲ အထက်တွင် ဖော်ပြခဲ့သလို တရားနှင့် လျော်ညီသော အစောင့်အရှောက်ကို တောင်းဆိုလျှင် တရားသူကြီးက ပြစ်မှုကျူးလွန်သူအပေါ် ဒဏ်ငွေတတ်သော်လည်း ရဟန်းအနေဖြင့် အာပါတ်လည်း မသင့်၊ ဘဏ္ဍာစားလည်း မထိုက်ပါ။
ထိုကြောင့် ယနေ့ခေတ်တွင် ရဟန်းတစ်ပါးအနေဖြင့် တရားစွဲဆိုမှု ပြုလုပ်လျှင်လည်း အထက်ပါ အချက်အလက်များနှင့် ချိန်ညှိ၍ ပါရာဇိက ကျ/မကျ ဆုံးဖြတ်ရမည်သာ ဖြစ်ပါသည်။

ကျမ်းကိုး။
(၁) ပါစိတ္တိယအဋ္ဌကထာ
(၂) ၀ိနယသင်္ဂဟ-အဋ္ဌကထာ
(၃) သာရတ္ထဒီပနီဋီကာ
(၄) ကင်္ခါဝိတရဏီ-ပုရာဏ-အဘိန၀ဋီကာ
အပြည့်အစုံသို့ >>

“ဆင်ဆာ’’

Dec 21, 2014



ကျွန်တော်ကတော့ ပျားအုံကိုတုတ်နဲ့ထိုးမိပြန်ပါပြီ။ ပျားအုံကိုတုတ်နဲ့ ထိုးပြီဆိုမှတော့ အတုတ်ခံရမှာသေချာပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်ရဲ့ မွေးသန္ဓေအတိုင်းပဲပေါ့ တုတ်ချင်လည်းတုတ် ကိုက်ချင်လည်းကိုက်၊ ရိုက်ချင်လည်းရိုက်၊ သတ်ချင်လည်းသတ်ကြပေါ့ဗျာ။ မြင်နေ၊ တွေ့နေ၊ ကြားနေ၊ ဖတ်နေရတာတွေကို စိတ်ထဲမှာဘယ်လိုမှ ခံစားနိုင်စွမ်းမရှိတော့လို့ ဒီစာကိုရေးဖြစ်တာပါ။ လူမုန်းများမယ်၊ အန္တရာယ်ရှိမယ်ဆိုတာကိုလည်း မသိလို့မဟုတ်ပါဘူး။ သိသိကြီးနဲ့ကို မရေးဘဲမနေနိုင်တော့တဲ့အတွက်
ရေးလိုက်မိတာပါ။ ခေါင်းစဉ်တပ်ထားတဲ့အတိုင်းပါပဲ။ ဆင်ဆာကိစ္စကိုရေးချင်တာပါ။ ဆင်ဆာဆိုတာ အင်္ဂလိပ်စာလုံးပေါင်းပါ။ မြန်မာလိုဆိုရင်တော့ ရုပ်ရှင် ပြဇာတ် ၀တ္ထု စာနယ်ဇင်းစစ်ဆေး၍မလိုလားအပ်သည်တို့ကို ဖြတ်တောက်ရသူ အရာရှိ ဆင်ဆာလူကြီး လို့အဓိပ္ပါယ်ရပါတယ်။

ကျွန်တော်ငယ်ငယ်လေးကတည်းက ပိတ်ပင်တားဆီးတာကို မကြိုက်ခဲ့ပါဘူး။ ကျွန်တော်မှမဟုတ်ပါဘူး။ လူသားမှန်သမျှ၊ သက်ရှိသတ္တ၀ါမှန်သမျှ ပိတ်ပင်တားဆီးမှုကိုမကြိုက်ကြပါဘူး။ ခွေးတစ်ကောင်ကို သံကြိုးတိုတိုနဲ့ တိုင်တစ်တိုင်မှာချည်ထားလိုက်ရင်တောင် တကိန်ကိန်နဲ့အော်နေမှာပါ။ ဘာကြောင့်လဲဆိုဋ္ဌ
တော့သူ့ကို ချုပ်နှောင်ထားတာ မကြိုက်တဲ့အတွက် မပျော်တဲ့အတွက်ပါ။ နွားတစ်ကောင်
ကိုလည်းနဖားကြိုးတိုတိုထိုးပြီးတင်းကုပ်ထဲမှာ ချည်ထားလိုက်မယ်ဆိုရင် သုံးရက်ထက်ပိုကြာအောင် အဲဒီနွား မနေတာ သေချာပါတယ်။

ဘာကြောင့်လဲဆိုတော့ နွားဖြစ်နေတာတောင် ချုပ်နှောင်တားဆီးထားမှုကို မကြိုက်တဲ့အတွက်ပါ။
ခွေးတွေ နွားတွေထက်ပိုပြီး အသိဥာဏ် ရှိပါတယ်လို့ ယုံကြည်လက်ခံထားကြတဲ့ ကျွန်တော်တို့ လူသားတွေဆိုရင်တော့ ချုပ်နှောင်ပိတ်ပင်တားဆီးမှုကို ဘယ်လိုနည်းနဲ့မှ ကြိုက်နှစ်သက်ခြင်း မရှိမှာသေချာပါတယ်။

မကြိုက်ပါဘူးဆိုမှတော့ ဘယ်ချစ်ပါတော့မလဲ။ မချစ်ဘူးဆိုမှတော့ မုန်းပြီပေါ့ဗျာ။ အဲဒီတော့လည်း မြန်မာပြည်ထဲမှာရှိနေကြတဲ့ ပြည်သူအားလုံးလောက်နီးပါး ချုပ်ခြယ် ပိတ်ပင်တားဆီးမှုကို မုန်းတာ ဆင်ဆာကို မုန်းတာ အဆန်းမဟုတ်သလို ဖြစ်သင့်တဲ့ကိစ္စ၊ မုန်းသင့်တဲ့ကိစ္စပါ။ ဒါပေမယ့် ဆန်းတဲ့အကြောင်းလေးတော့ ကျွန်တော် နည်းနည်းရေးပြပါ့မယ်။

အခု ကျွန်တော်ရေးပြမယ့်အကြောင်းက ကျွန်တော်နဲ့တိုက်ရိုက်ပတ်သက်နေတဲ့ အကြောင်းကိုပဲ ရေးပြမှာ
ပါ။ ကျွန်တော့်ထုံးစံအတိုင်းပါပဲ ကျွန်တော်ရေးတဲ့စာဟာ ကျွန်တာ့်ရဲ့ယုံကြည်ချက်၊ ကျွန်တော့်ရဲ့
အယူအဆဖြစ်ပါတယ်။ ထိုနည်းအတူ ကျွန်တော်ရေးလိုက်တဲ့စာရဲ့ ရိုက်ခတ်မှုကိုလည်း ကျွန်တော်အပြည့်အ၀ တာဝန်ယူနိုင်သလို ဒဏ်ခံနိုင်ပါတယ်။ ဒီဖုန်းနံပါတ်က ကျွန်တော်ကိုင်နေ တဲ့ဖုန်းနံပါတ်ပါ။ 09 73999973 ကို အချိန်မရွေးလှမ်းဆက်ပြီး တိုင်ပင်ဆွေးနွေးလို့ရသလို ခြိမ်းခြောက်ဆဲဆိုလို့လည်း ရပါတယ်။ ကျွန်တော်ရေးချင်တဲ့ အဓိကအကြောင်းကို ရေးပါတော့မယ်။ ဆင်ဆာဆိုတဲ့အရာကို လူတွေမုန်းကြသလို မင်းအုပ်စိုးဆိုတဲ့ကျွန်တော်လည်း အင်မတန်မှကို မုန်းတီးရွံရှာစက်ဆုပ်ပါတယ်။ မုန်းတာမှ သာမန်လူတစ်ယောက်ထက် ခုနစ်ဆ ရှစ်ဆလောက်ကို ပိုပြီး မုန်းတာပါ။ အဓိကကတော့ အနုပညာနဲ့ပတ်သက်တဲ့ ဆင်ဆာတွေကိုပေါ့။

ဘာကြောင့်လဲဆိုရင် အနုပညာနဲ့ပတ်သက်လာရင် ကျွန်တော်လုပ်တဲ့ အလုပ်တွေ တော်တော်များပါတယ်။ ဇာတ်လမ်းလည်း ရေးတယ်။ ဇာတ်ညွှန်းခွဲတယ်။ ဒါရိုက်တာအဖြစ်လည်း ရိုက်တယ်။ သရုပ်ဆောင်လည်းလုပ်တယ်။ ထုတ်လုပ်သူအဖြစ်လည်း လုပ်နေတုန်းပါပဲ။ ဒါ ရုပ်ရှင်ဗီဒီယိုနဲ့ပတ်သက်တဲ့အလုပ်ပါ။

စာပေလုပ်ငန်းနဲ့ပတ်သက်လာရင်လည်း ကျွန်တော် ကဗျာရေးပါတယ်။ ၀တ္ထုတိုရေးတယ် ဆောင်းပါး
ရေးတယ် အက်ဆေးရေးတယ်။ အယ်ဒီတာချုပ်လုပ်တယ်။ ထုတ်ဝေသူလုပ်ပါတယ်။ ဒါ စာပေနဲ့ပတ်သက်တဲ့လုပ်ငန်းပါ။ ပန်းချီနဲ့ပတ်သက်လာရင်လည်း မြန်မာပြည်ရဲ့ အကြီးဆုံး gallery များလို့ စာရင်းချမယ်ဆိုရင် ဖိုးစိန် gallery ဟာ One to ten ထဲမှာ ပါနေမယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ပန်းချီဆရာတိုင်းသိသလို collector တိုင်းလည်း သိကြပါတယ်။

ဂီတလောကနဲ့ပတ်သက်လာရင်လည်း okkra အဖွဲ့နဲ့ ကမ္ဘာကြီးကိုရပ်ပေးဦး ဆိုတဲ့ serie တစ်ခွေကို producer လုပ်ပြီး ထုတ်ခဲ့ဖူးပါတယ်။ ဒါတွေကို ကျွန်တော်ရေးပြနေတာ ကြွားချင်လို့တော့မဟုတ်ပါဘူး။ ဒါတွေရေးပြမှ ကျွန်တော်လုပ်ခဲ့တဲ့ အလုပ်၊ ကျွန်တော်လုပ်နေတဲ့အလုပ်တွေကို သေသေချာချာ သိသွားစေချင်လို့ပါ။ သေသေချာချာသိမှလည်း ကျွန်တော့်စာရဲ့ အဓိပါယ်နဲ့ ရည်ရွယ်ချက်ကို သေသေချာချာ သဘောပေါက်နားလည်နိုင်မှာပါ။

နံပတ် တစ်၊ တေးဂီတလောကကို ကျွန်တော်တို့ အရင်လေ့လာကြည့်ကြ ရအောင်ပါ။ ဟိုအရင်တုန်းက သီချင်းစာသားတွေကို စိစစ်ပေးခဲ့တဲ့ စိစစ်ရေး ရှိခဲ့ဖူးတယ်။ တစ်ချိန်မှာတော့ စိစစ်ရေးမရှိတော့
တဲ့အတွက် တေးသီချင်းတွေကို လွတ်လွတ်လပ်လပ်နဲ့ စိတ်ကူးဥာဏ်ရှိရင် ရှိသလို ကွန့်မြူးဖန်တီးရေးသားနိုင်ခဲ့ကြတယ်ပေါ့ဗျာ။ အဲဒါဆိုရင် ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်။ ဆင်ဆာရှိတုန်းက ဆင်ဆာကြောင့် အနုပညာတွေကို ဖန်တီးရတာ ရင်ခုန်ချင်သလောက် ခုန်လို့မရဘူး၊ စိတ်ကူးချင်သလောက် ကွန့်မြူးချင်လို့ မရဘူးဆိုတဲ့ အသံတွေ ဂီတလောကမှာ ကြားခဲ့ရပါတယ်။

ဆင်ဆာမရှိတဲ့နောက် စိစစ်ရေးမရှိတဲ့နောက်မှာလည်း ဘာတွေများထူးပြီး ကောင်းမွန်လာကြသလဲဗျာ။
နိုင်ငံကို ကမ္ဘာကသိနိုင်တဲ့သီချင်းမျိုး တစ်ကမ္ဘာလုံးကို ဒါ မြန်မာတွေရေးတဲ့ သီချင်းစာသားနဲ့ ဒါ မြန်မာတွေတီးထားတဲ့ သံစဉ်မျိုးလို့များ ချပြနိုင်လို့လား။ ကျွန်တော်ရဲရဲကြီးပြောရဲပါတယ်။ တစ်ပုဒ်မှ ထွက်မလာပါဘူး။ fuck ချင်း မိုးမွှန်နေတဲ့သီချင်းတွေ သားနဲ့အမိ မောင်နဲ့နှမ အတူတူထိုင်
နားထောင်လို့မရတဲ့ သီချင်းတွေပဲ တော်တော်များများထွက်လာခဲ့ပါတယ်။

တကယ်လို့များ ကိုယ်ရထားတဲ့ ဆင်ဆာလွတ်လပ်ခွင့်လေးကို ကိုယ်ကိုယ်တိုင်က တန်ဖိုးမထားရင် ကိုယ်ကိုယ်တိုင်က ကာကွယ်စောင့်ရှောက်ကြဖို့ စိတ်ကူးမရှိဘူးဆိုရင် ဂီတလောကလည်း ကျွန်တော်တို့ အရမ်းမုန်းတဲ့ အရမ်းရွံတဲ့ ဆင်ဆာဆိုတဲ့ ဂိတ်ပေါက်နဲ့ တည့်တည့်တိုးမှာသေချာပါတယ်။ ဒါ ဂီတလောကအကြောင်းပါ။

ပန်းချီလောကနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တွေးကြည့်ကြရအောင်။ ဟိုအရင် လွတ်လပ်ခွင့်မရှိတုန်းက အချိန်ဆိုရင် ပန်းချီပြပွဲတစ်ပွဲလုပ်တော့မယ်ဆိုတာနဲ့ လာရောက် အကဲဖြတ်ကြတဲ့ ပုဂ္ဂိုလ်ကျော်တွေ ရှိခဲ့ဖူးပါတယ်။ ကိုယ့်စိတ်တိုင်းကျ ခံစားရေးဖွဲ့ ကိုယ့်သဘောကျ ရင်ခုန်ခံစား ချိတ်ဆွဲထားတဲ့ ပန်းချီကားတွေရှေ့မှာရပ်ပြီး ဒီပန်းချီကားကတော့ အများပြည်သူကို ပြဖို့ မသင့်ဘူးဆိုတဲ့ စကားလုံးတစ်လုံးတည်းနဲ့ ဖန်တီးထားတဲ့ အနုပညာတွေအားလုံး လက်စတုံးခဲ့ရတဲ့အချိန်တွေ အကြိမ်ကြိမ်ကြုံခဲ့ကြ ဖူးမှာပါ။

ဟုတ်ကဲ့ အခု ပန်းချီကားတွေမှာလည်း လွတ်လပ်ခွင့်ပေးလိုက်ပါပြီ။ ပန်းချီပွဲတွေ မှာလည်း ဆင်ဆာဖြုတ်ပေးလိုက်ပါပြီ။ စိစစ်ရေးမရှိတော့တဲ့နောက် ကမ္ဘာကျော်သွားတဲ့ ပန်းချီကား ကမ္ဘာပေါ်က collector တွေ အလုအယက် ၀ယ်ချင်တဲ့ကား ဘယ်နှစ်ကားများ ထွက်လာပါသလဲဗျာ။ ထွက်လာတဲ့ပန်းချီကားတွေက သားအမိချင်း မတ်တပ်ရပ်ပြီး မကြည့်ရဲလောက်အောင် မိန်းမတစ်ယောက်ရဲ့ ရှိသမျှ အင်္ဂါကို အတုံးလိုက် အတစ်လိုက် ပြူးတူးပြဲတဲ ရေးထားတဲ့ ကား၊ ကိုယ့်နိုင်ငံတော်ရဲ့အလံကို ထဘီလုပ်ပြီး ၀တ်ပြထားတဲ့ကား၊ ကိုယ့်နိုင်ငံတော်ရဲ့အလံကို ခြေအစုံနဲ့ နင်းခြေဖျက်ဆီးနေတဲ့ကား အဲဒီလိုကားတွေပဲ အများဆုံး ထွက်လာခဲ့ပါတယ်။

ပန်းချီလောကလည်း ကိုယ်ရထားတဲ့ လွတ်လပ်ခွင့်ဆိုတဲ့ ဂိတ်ပေါက်တစ်ခုကို တန်ဖိုးရှိရှိမထားဘဲ
ကျော်ချင်သလိုကျော် ဖြတ်ချင်သလိုဖြတ်နေကြမယ်ဆိုရင်တော့ မကြာခင်အချိန်အတွင်းမှာ ဆင်ဆာဆိုတဲ့ တံခါးပေါက်ရဲ့အောက်ကို ခေါင်းငုံ့ပြီး ပြန်ဝင်ရမှာသေချာပါတယ်။ ဆင်ဆာရှိနေတဲ့ခေတ် စိစစ်ရေးရှိနေတဲ့ခေတ်ကတည်းက ကမ္ဘာကျော်နေတဲ့ ပန်းချီဆရာတွေ ကျွန်တော်တို့နိုင်ငံမှာ အများကြီးရှိပါတယ်။

ရုပ်ရှင်နဲ့ ဗီဒီယိုလောကဘက်ကို ပြန်သွားကြရအောင်ပါ။ ဆင်ဆာကြောင့် ဆင်ဆာရဲ့မူဝါဒကြောင့် ကျွန်တော် ကျွန်မတို့ ဖန်တီးချင်တဲ့ အနုပညာတွေကို ရသမြောက်အောင် အနုပညာမြောက်အောင် ပရိသတ်ကြိုက်အောင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းခွင့်ရအောင် ကြိုးစားလို့မရပါဘူး။ ဆင်ဆာရှိနေတဲ့
အတွက် အနုပညာကို ဖန်တီးရတာ တစ်ပိုင်းတင် မဟုတ်ပါဘူး တစ်ကိုယ်လုံး သေနေပါတယ်
ဆိုတဲ့အသံတွေ ရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ တစ်ချိန်တုန်းက သောသောညံခဲ့ဖူးတာပေါ့ဗျာ။ ပရိသတ်ကလည်း ဟုတ်လေမလား၊ ဟုတ်လေမလားဆိုပြီး နားယောင်ခဲ့မိတာပေါ့။ သြော် ဆင်ဆာဆိုတာသာ မရှိခဲ့ရင် နိုင်ငံတကာနဲ့ ရင်ပေါင်တန်းနိုင်တဲ့ ဇာတ်လမ်းကောင်းတွေ၊ ဇာတ်ကားကောင်းတွေ သရုပ်ဆောင်ချက်တွေကို ငါတို့တော့ ကြည့်ခွင့်ရပြီဆိုပြီး အပျော်ကြီး ပျော်၊ အမျှော်ကြီးမျှော်ခဲ့မိကြတာပေါ့။

အနုပညာသမားတွေ တောင်းတဲ့ဆု၊ ပရိသတ်တွေမျှော်လင့်တဲ့ဆုနဲ့ ပြည့်ခဲ့ပါတယ်။ ဆင်ဆာမူဝါဒကို အများကြီး လျှော့ချပေးလိုက်ပါတယ်။ မရှိသလောက်ပါပဲ။ ဟုတ်ကဲ့ အဲဒီကျတော့ရော ကျွန်တော်တို့ရဲ့မြန်မာ့ရုပ်ရှင်နဲ့ ဗီဒီယိုလောကကြီး ဘာတွေများ တိုးတက်လာပါသလဲ ဘာတွေများကြီးမြတ်လာပါသလဲ။ ကမ္ဘာကို ဖြန့်လို့ရတဲ့ရုပ်ရှင်၊ ကမ္ဘာကို ချပြလို့ရတဲ့ဇာတ်ကား ဘယ်နှစ်ကားများ ထွက်လာပါသလဲ။ ကိုယ့်လောကဖြစ်နေတဲ့အတွက် အားမနာတမ်း ကျွန်တော်ပြောရဲပါတယ်။ ကမ္ဘာကို ချပြလို့ရတဲ့ရုပ်ရှင်ဇာတ်ကား တစ်ကားမှ ထွက်မလာပါဘူး။ ကျွန်တော်ပြောတာ ဇာတ်လမ်းကိုပြောတာနော် မှတ်တမ်းရုပ်ရှင်မပါဘူး၊ မှတ်တမ်း ဗီဒီယိုမပါဘူး။ ဆင်ဆာ မူဝါဒကို လျှော့ချပေးလိုက်တဲ့အတွက် ပရိသတ်တွေ ကြည့်ခွင့်ရလိုက်တာ မြင်ခွင့်ရလိုက်တာ ဘာတွေလဲဆိုရင် အနုပညာရသမြောက်တဲ့ ဇာတ်ကားကောင်းတွေ မဟုတ်ပါဘူး၊ စကားလုံး ကောင်းတွေ ဇာတ်လမ်းကောင်းတွေ မဟုတ်ပါဘူး၊ သရုပ်ဆောင်ကောင်းတွေ မဟုတ်ပါဘူး။

မောင်နဲ့အစ်မ၊ သားနဲ့အမိ ထိုင်ကြည့်လို့တောင် အဆင်မပြေတဲ့ ဇာတ်လမ်းတွေ၊ အများကြီးထွက်
လာပါတယ်။ မျက်စိပိတ်ထားတာတောင် နားနဲ့ကြားလို့မသင့်တော်မယ့် ဇာတ်ညွှန်းဆန်းဆန်း၊ စကားလုံးဆန်းဆန်းတွေ အများကြီးထွက်လာပါတယ်။ မြန်မာကား မဆန်တဲ့ ၀တ်စားဆင်ယင်မှုတွေ၊ မြန်မာ့
ယဉ်ကျေးမှုနဲ့ ဖီလာဆန့်ကျင်ဖြစ်တဲ့ သရုပ်ဆောင်ချက်တွေကို မရှက်မကြောက် မျက်နှာမပူဘဲ မင်းသားတွေ မင်းသမီးတွေ သရုပ်ဆောင်လာကြပါတယ်။ အဲဒီတော့ ဘာဖြစ်သလဲ။ အဖြေကရှင်းပါတယ်။ ကိုယ်ရထားပြီးသား လွတ်လပ်ခွင့်ကို ကိုယ်ပိုင်ဆိုင်ထားပြီးသား အခွင့်အရေးတစ်ခုကို ပြန်ပေးလိုက်ရပြီး ဆင်ဆာဆိုတဲ့ မူဝါဒဘောင်အောက်မှာ ခေါင်းငုံ့ပြီး ပြန်ဝင်ကြရတော့တာပဲ။ အဲဒီလိုလုပ်လိုက်တော့ရော ဘယ်သူက ဘာများ ပြောရဲကြမှာတုန်း။ သူတို့လုပ်သမျှ ခံကြရမှာပဲလေ။

တကယ်လို့များ ကိုယ်ပိုင်ဆိုင်ခွင့်ရခဲ့လိုက်တဲ့ ဆင်ဆာကင်းလွတ်ခွင့်ကလေးကို ရုပ်ရှင်နဲ့ဗီဒီယိုလောကသား
တွေဟာ အကျိုးရှိရှိလေး အသုံးချကြမယ်ဆိုရင် ကိုယ့်အခွင့်အရေးကို ကိုယ် တန်ဖိုးထားစောင့်ရှောက်ကြ
မယ်ဆိုရင် ဒီလိုအဖြစ်မျိုးနဲ့ ပြန်ကြုံစရာအကြောင်းကိုမရှိပါဘူး။ အခုလိုရေးလို့ ကျွန်တော့်ကိုများ မင်းက ဒီအစိုးရဘက်ကလားလို့ မေးလာခဲ့ရင် အဲဒီမေးတဲ့လူကို ကျွန်တော်ပြုံးပြုံးလေးပဲ ကြည့်နေမိမှာပါ။ ဆင်ဆာတင်းကြပ်တဲ့အချိန်တုန်းကလည်း ကျွန်တာ် ရုပ်ရှင်နဲ့ ဗီဒီယို ကားတွေ ရိုက်ခဲ့ပါတယ်။ ဆင်ဆာလွတ်လပ်ခွင့်ရနေတဲ့အချိန်မှာလည်း ရုပ်ရှင်နဲ့ဗီဒီယို ကားတွေကို ကျွန်တော် ရိုက်နေပါတယ်။ အခု ဆင်ဆာပြန်သတ်မှတ်လိုက်တဲ့အချိန်မှာလည်း ရုပ်ရှင်နဲ့ဗီဒီယိုဇာတ်ကားတွေကို ကျွန်တော် ရိုက်ဦးမှာပါ။
ကျွန်တော် ဖန်တီးသမျှ ကျွန်တော် ရေးသားသမျှ ဇာတ်လမ်း ဇာတ်ညွှန်းတွေ အားလုံးကို စရေးတဲ့အချိန်ကတည်းက ကျွန်တော့်ကိုယ်ကျွန်တော် ဆင်ဆာလုပ်ထားပြီး သားပါ။ မောင်နဲ့နှမ သားနဲ့အမိ ထိုင်မကြည့်ရဲလောက်တဲ့ အပြောမျိုး၊ အပြမျိုး သရုပ်ဆာင်မှုမျိုး မင်းအုပ်စိုးဆိုတဲ့ကျွန်တော့်ဘ၀မှာ ဘယ်တုန်းကမှ မရေးဖူး မရိုက်ဖူး သရုပ်မဆောင်ဖူးပါဘူး။ နဂိုကတည်းက ကျွန်တော့်မှာ ကျွန်တော့်ရဲ့ဆင်ဆာရှိပါတယ်။ ကျွန်တော့်ရဲ့ဆင်ဆာကို ဆိုးဆိုးဝါးဝါး နှောက်ယှက်ထိပါးလာပြီဆိုရင်လည်း ကျွန်တော် မိုက်မိုက်ကန်းကန်း တုန့်ပြန်ခဲ့ပါတယ်။

ဒီရုပ်ရှင်နဲ့ ဗီဒီယိုလောကမှာ ဆင်ဆာမူဝါဒကို ကျွန်တော့်လိုမျိုး အမိုက်ခံပြီး တုန့်ပြန်ခဲ့တဲ့လူ တစ်ယောက်မှ မရှိပါဘူး။ ငြင်းချင်တယ်ဆိုရင် အချိန်မရွေး မျက်နှာခြင်းဆိုင်ပြီး ငြင်းလို့ရပါတယ်။ ကျွန်တော် ထုတ်လုပ်သူလုပ်ပြီး သရုပ်ဆောင်အဖြစ် ပါဝင်ခဲ့တဲ့ ကားပေါ်မှာလိုက်လာတယ်ဆိုတဲ့ ဗီဒီယိုဇာတ်ကားကို ပရိသတ်ထဲ ချပြလို့မရအောင် ပုံသဏ္ဍာန်မျိုးစုံနဲ့ အချက် ၁၈ ချက်အထိ ဆင်ဆာဖြတ်ခဲ့ပါတယ်။ သူတို့သတ်မှတ်တဲ့ဆင်ဆာနဲ့ငြိပေမယ့် ကျွန်တော်သတ်မှတ်တဲ့ ဆင်ဆာနဲ့မငြိပါဘူး။ ကျွန်တော့်ဇာတ်
ကားလေးဟာ မောင်နဲ့နှမ သားနဲ့အမိ ကြိုက်တဲ့နေရာမှာ ကြိုက်သလို ထိုင်ကြည့်လို့ရပါတယ်။

အဲဒါကြောင့် ဆင်ဆာ ပိတ်ထားတဲ့ဇာတ်ကား၊ ဆင်ဆာမရတဲ့ဇာတ်ကားကို သိန်းနှစ်ဆယ်ဖိုးတိတိ အခွေတွေကူးပြီး မြန်မာတစ်ပြည်လုံးက ကိုယ်စားလှယ်တွေကို မေတ္တာလက်ဆောင်ပေးခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော့်ရဲ့ အနုပညာကို အဆုံးရှုံးမခံနိုင်သလို သူတို့ရဲ့ဆင်ဆာမူဝါဒကိုလည်း မကြိုက်နှစ်သက်တဲ့အတွက် ပြတ်ပြတ်သားသား ဆန့်ကျင်ခဲ့တာပါ။

အဲဒီအတွက် ဆုံးရှုံးမှုကတော့ ငွေကြေးအရဆိုရင် ရိုက်ကူးတဲ့စရိတ်ရော အခွေခ တွေပါ သိန်းတစ်ရာ့နှစ်ဆယ်ကျော် ဆုံးရှုံးခဲ့ရသလို အလုပ်ကြမ်းနဲ့ ပြစ်ဒဏ် ထောင် နှစ်လတိတိ ချမှတ်ခြင်းကို ခံခဲ့ရပြီး ကျွန်တော် ထောင်ကျခဲ့ရပါတယ်။

ကျွန်တော့်လုပ်ရပ်အတွက် ကျွန်တော် တစ်ချက်မမဲ့ဘဲ အင်းစိန်ထောင်ထဲမှာ နှစ်လတိတိ နေပေးခဲ့ပါတယ်။ ကိုယ့်အကြောင်းကို အဲဒီလောက်အရှည်ကြီး ဘာကြောင့် ရေးပြနေသလဲ ရှင်းပြနေရသလဲဆိုရင် ဒီအစိုးရနဲ့ ဆင်ဆာလူကြီးတွေနဲ့ ကျွန်တော်နဲ့ အဆင်ပြေနေတယ် ပတ်သက်နေတယ် သူတို့ရဲ့လူလို့ ထင်နေကြမှာ စိုးလို့ပါ။

လိုရင်းကိုဆက်ရရင် ရုပ်ရှင်နဲ့ဗီဒီယိုလောကမှာလည်း ကိုယ်ရထားတဲ့ လွတ်လပ်ခွင့်ကို တန်ဖိုးမထားတဲ့အတွက် မကာကွယ်မစောင့်ရှောက်ကြတဲ့အတွက် သူတို့ တံတိုင်းအောက်ကိုပဲ ခေါင်းငုံ့ပြီး ၀င်ကြရပါပြီ။ ဆင်ဆာပြန်တင်ရမယ်ဆိုပြီး အမိန့်ထုတ်ခဲ့တော့ ရုပ်ရှင်နဲ့ ဗီဒီယိုသမားထဲက ဘယ်သူကများ ဆင်ဆာမတင်နိုင်ပါဘူး။ အဲဒီမူဝါဒကို လက်မခံနိုင်ပါဘူး၊ အဲဒါကြောင့် ကိုယ့်ကိုယ်ကိုယ် မီးရှို့သတ်သေပါ့မယ်လို့ ဘယ်ကောင်ကများ ပြောလိမ့်မယ် လုပ်လိမ့်မယ်လို့ ပရိသတ်ကြီး ထင်နေပါသလဲ။ တစ်ကောင်မှ မရှိပါဘူး။ အဲဒီအောက်ကိုပဲ ခေါင်းလျှိုပြီး ၀င်ကြရဦးမှာပါ။ အန္တရာယ် အကြီးဆုံး လူမုန်းအများဆုံးဖြစ်မယ့် နယ်ပယ်အကြောင်းလေ့လာကြည့်ရအောင်ပါ။ ဟိုတစ်ချိန်က စာပေနဲ့စာနယ်ဇင်း
လောကမှာ စာပေစိစစ်ရေးဆိုတဲ့နတ်ဆိုး အင်မတန်မှကို ကြီးစိုးခဲ့ပါတယ်။ စာပေစိစစ်ရေးရဲ့ဒဏ်ကို စာရေးဆရာတွေ လိမ့်နေအောင် ခံခဲ့ကြရပါတယ်။ ဘာမှန်းမသိတဲ့မူဝါဒရဲ့အောက်မှာ ဖြတ်ချင်သလို ဖြတ်၊ ပိတ်ချင်သလို ပိတ်ပေါ့။

ဒါပေမယ့်လည်း စာရေးဆရာတွေဟာ လျှောက်ခွင့်ရတဲ့ လမ်းကျဉ်းကျဉ်းကလေးကနေပဲလိမ်မာပါးနပ်စွာ
လျှောက်ခဲ့ကြပါတယ်။ ကိုယ်သွားချင်တဲ့လမ်းကြောင်း၊ ကိုယ်သွားချင်တဲ့ပန်းတိုင်ကို မြွေမသေ တုတ်မကျိုး ကျွဲကူးရေပါ သွားခဲ့ကြလို့လည်း ပရိသတ်တွေအတွက် လူငယ်တွေအတွက် စိတ်ဓါတ် ခွန်အားဖြစ်စေ
မယ့်စာတွေ၊ ဗဟုသုတရစေမယ့်စာတွေ၊ အကျိုးရှိမယ့်စာတွေ အများကြီးထွက်ပေါ်လာခဲ့ပါတယ်။ ကျွန်တော်တို့လို လေးဆယ်ကျော် ငါးဆယ်အရွယ်ရောက်နေတဲ့ လူတွေအကုန်လုံး အဲဒီစာပေစိစစ်ရေးဆိုတဲ့ ဓါးဆိုးကြီးအောက်က ထွက်လာတဲ့စာတွေကိုပဲ ဖတ်ပြီး အသိပညာတွေ ရခဲ့ကြရတာ၊ အရွယ်ရောက်လာခဲ့ကြရတာပါ။ အဲဒီစာတွေနဲ့ပဲ ကိုယ့်ဘ၀ ကိုယ့်အခြေအနေလေးတစ်ခုကို ဖြောင့်ဖြောင့်
တန်းတန်း တည်ဆောက်နိုင်လောက်တဲ့ အတွေးအခေါ်တွေ ရရှိခဲ့ကြတဲ့အတွက် အောင်မြင်အောင် ကြိုးစားနိုင်ခဲ့ကြရတာပါ။

ကျွန်တော်ဆိုလိုချင်တဲ့ အဓိပ္ပါယ်ကရှင်းပါတယ်။ စာပေစိစစ်ရေးဆိုတာ ရှိနေတဲ့အချိန်မှာလည်း စာဖတ်ပရိသတ်အတွက် လူငယ်ထုအတွက် ပြည်သူအတွက် အကျိုးရှိမယ့် စာကောင်းပေမွန်တွေကို
ရေးဖွဲ့လို့ရပါတယ်။ အတွေ့အကြုံမရှိဘဲ မခံရဘဲ ကျွန်တော် ရမ်းရေးနေတာ မဟုတ်ပါဘူး။ အဲဒီတင်းကြပ်တဲ့ စာပေမူဝါဒရဲ့အောက်မှာပဲ ကျွန်တော့်ရဲ့ သရပါ ရသစာပေမဂ္ဂဇင်းလေးကို ထုတ်ဝေသူအဖြစ် အယ်ဒီတာချုပ်အဖြစ် ကျွန်တော် ထုတ်ခဲ့တာပါ။

အဲဒီအချိန်မှာပဲ ကျွန်တော့်ရဲ့မဂ္ဂဇင်းမှာ ကျွန်တော် စာတွေ ရေးခဲ့တာပါ။ စာပေစိစစ်ရေးဆိုတဲ့ ဓါးဆိုးကြီးရဲ့အောက်မှာပဲ ကျွန်တော့်မဂ္ဂဇင်းလေးကို မွေးထုတ်ဖြတ်သန်းခဲ့ရတာပါ။ ဟုတ်ကဲ့ ဒီမိုကရေစီရ
လာတဲ့အချိန်မှာ လွတ်လပ်ခွင့်တွေ တောင်းဆိုလာကြပါတယ်။ အနုပညာနယ်ပယ်တိုင်း နယ်ပယ်တိုင်းမှာ ဆင်ဆာ မူဝါဒကြီးကို အပြင်းအထန် အသေအလဲ ဆန့်ကျင် ကန့်ကွက် လာကြပါတယ်။ စာပေလောကကတော့ အသံအကျယ်ဆုံးပေါ့ဗျာ။ ပညာတတ်တွေများတဲ့လောက ပညာရှိတွေ များတဲ့လောက မဟုတ်လား။ ဟုတ်ကဲ့ အစိုးရကလည်း ရှင်းပါတယ်။ စာပေစိစစ်ရေးကို အများကြီးလျှော့ချပေးလိုက်ပါတယ်။ ရေးချင်သလိုရေးကြ၊ ရေးချင်တာရေးကြပေါ့။ မပိတ်ပါဘူး၊ မတားပါဘူး၊ မကန့်ကွက်ပါဘူး။

ဒါပေမယ့် ကိုယ့်ကိစ္စကိုတော့ ကိုယ် တာဝန်ယူခိုင်းပါတယ်။ အဲဒီအကြောင်းကို ကျွန်တော် အရှည်ကြီး ရေးမပြတော့ပါဘူး။ ယူနတီဂျာနယ်အယ်ဒီတာအဖွဲ့ရဲ့အဖြစ်အပျက်ကို ပြန်အမှတ်ရလိုက်ရင် အဖြေက ရှင်းပါတယ်။ ဆင်ဆာကိစ္စကိုပဲ ပြန်သွားကြရအောင်ပါ။

အဲဒီလို လွတ်လပ်ခွင့်တွေ ရလာတော့လည်း ကျွန်တော်တို့ စာပေလောကကြီးမှာ ဘာတွေများ ထူးပြီးတော့ တိုးတက်ကောင်းမွန်လာပါသလဲ။ ဘာတွေများ စာဖတ်ပရိသတ်အတွက် ထူးထူးခြားခြား လုပ်ပေးနိုင်ကြပါသလဲ။ ကျွန်တော့်အမြင်ပြောပါမယ်။ သိပ်ပြီး မထူးခြားလှပါဘူး။ ထူးခြားလာတာတွေတော့ ရှိပါတယ်။ ကိုယ့်အမေ ကိုယ့်သမီးကို ဖတ်ပြလို့မရတဲ့စာတွေ အများကြီးထွက်လာပါတယ်။ စောက်ချင်း မိုးမွှန်နေတဲ့စာတွေ အယုတ္တ အနတ္တ ဆဲဆိုနေတဲ့စာတွေ ထူးထူးခြားခြားထွက်လာခဲ့ပါတယ်။ စာပေလွတ်လပ်ခွင့်ရဲ့ အသီးအပွင့်ဆိုလို့ သမိုင်းနဲ့ နိုင်ငံရေးအဖြစ်အပျက်အမှန်ကို ရေးခွင့်ရလို့ အဲဒီစာပေတစ်ရပ် ရေပန်းစားခဲ့တယ်။ ဒီလောက်ပါပဲ။

အဲဒီတော့ဗျာ ကျွန်တော်တို့ရထားတဲ့ စာပေလွတ်လပ်ခွင့်ဆိုတာလေးကို စာရေးသူတွေကိုယ်တိုင်က တန်ဖိုးမထားကြဘူး၊ မကာကွယ် မစောင့်ရှောက်ကြဘူးဆိုရင် စာပေလောကကြီး တစ်ခုလုံးဟာလည်း သိပ်မကြာခင်အချိန်မှာ စာပေစိစစ်ရေးဆိုတဲ့ ဓါးဆိုးကြီးအောက်ကို ပြန်ဝမ်းလျားမှောက်ကြရဦးမှာ အသေအချာပါ။

အဲဒီလို ဆင်ဆာထုတ်လိုက်ပြီ၊ စာပေလွတ်လပ်ရေးကို ပြန်တင်းကျပ်လိုက်ပြီဆိုတော့ရော ဘယ်သူကများ ဘာများပြောနိုင်ကြမှာမို့လို့လဲ။ ခံကြယုံပဲရှိတာပဲလေ။ အဲဒီတော့ အဲဒီလိုမျိုး မခံကြရလေအောင် ကိုယ်ရထားတဲ့ လွတ်လပ်ခွင့်လေးကို ကိုယ့်အသိလေးနဲ့ကိုယ် တန်ဖိုးထားပြီးရေးသားကြမယ်၊ အလေးထားပြီး ကာကွယ်ကြမယ်ဆိုရင် ရထားတဲ့ လွတ်လပ်မှုလေးဟာ သက်ဆိုးရှည်နိုင်ကောင်း
လောက်ပါတယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ စာပေလောကကြီးတစ်ခုလုံးလည်း စာပေစိစစ်ရေးဆိုတဲ့ မူဝါဒ ခေါင်းဖြတ်စက်အောက်မှာ ၀မ်းလျားမှောက်ပေးကြရမှာပါ။

နောက်ဆုံးတစ်ခု ကျွန်တော်ရေးပါ့မယ်။ online media ကိစ္စပါ။ internet ဆိုတာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှာ သုံးနိုင်တဲ့လူ ဘုရားချီးထက်တောင် ရှားပါတယ်။ Facebook သုံးဖို့ဆိုတာ စိတ်ကူးတောင် ယဉ်ခွင့်မရှိပါဘူး။ အခု ကျွန်တော်တို့ စိတ်ကူးမယဉ်ခဲ့တဲ့အရာ သုံးစွဲရလိမ့်မယ်လို့ ဘယ်တုန်းကမှ မထင်ထားခဲ့တဲ့အရာကို ကျွန်တော်တို့ လက်ဖ၀ါးလေးပေါ်မှာတင်ပြီး တစ်ကမ္ဘာလုံးနဲ့ ဆက်သွယ်ပြောဆိုလို့ရနေပါပြီ။ လွတ်လပ်ခွင့်လေးကို အပြည့်အ၀အသုံးချလို့ရနေပါပြီ။
အစိုးရအနေနဲ့ ဒီစနစ်ကြီးတစ်ခုလုံးကို မသုံးဖို့အတွက် ပိတ်ဖို့ဆိုတာ အချိန်အများကြီးမလိုသလို ၀ိရိယလုံ့လလည်း စိုက်ထုတ်နေစရာအကြောင်းမရှိပါဘူး။ အမိန့်တစ်ခု ထုတ်လိုက်ယုံ၊ ညွှန်ကြားချက်တစ်ခုအပေါ်မှာ လက်မှတ်ထိုးလိုက်ယုံပါပဲ။ သူတို့အတွက် ဘာမှ မထိခိုက်နိုင်ပါဘူး။ ဘယ်သူတွေကို ထိခိုက်နိုင်မှာလဲဆိုတော့ internet media ကို သုံးစွဲနေတဲ့ ကျွန်တော်တို့ပြည်သူတွေပါပဲ။ အဲဒီတော့ဗျာ ကိုယ့်အတွက် အကျိုးရှိတဲ့ media လေးတစ်ခု ကိုယ့်အတွက် အဆင်ပြေမယ့် media လေးတစ်ခုကို ကိုယ့်ဆင်ဆာလေးနဲ့ကိုယ် သုံးကြရင် မကောင်းဘူးလားဗျာ။

Online မှာ ဆဲတဲ့အတွက် နာမည်မသိဘူး၊ action ယူလို့မရဘူးဆိုပြီး ဦးသိန်းစိန်ကိုလည်းဆဲပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆဲပါတယ်။ တပ်မတော်ကိုလည်း ဆဲပါတယ်။ အမျိုးသားဒီမိုကရေစီ
အဖွဲ့ချုပ်ကိုလည်း ဆဲပါတယ်။ ဆဲတာမှ အယုတ္တ အနတ္တပေါင်းစုံအောင် ဆဲနေတာကို မြင်နေ ဖတ်နေရပါတယ်။ ဆဲဆိုကြိမ်းမောင်းနေခြင်းအားဖြင့် အဖြေတစ်ခု ထွက်မလာနိုင်ပါဘူး။ အထူးသဖြင့် ကောင်းမွန်ပြည့်စုံတဲ့ အဖြေမျိုးပေါ့။

Online က ဆဲနေတဲ့အတွက်လည်း ဦးသိန်းစိန်နဲ့ ဒေါ်အောင်ဆန်းစုကြည် နှစ်ယောက်စလုံး ဘာမှဖြစ်မသွားပါဘူး။ ဖြစ်လာနိုင်ချေရှိတာကတော့ ဒီ online ကို သုံးစွဲခွင့်ရနေကြတဲ့ ကျွန်တော်တို့ပြည်သူတွေပါပဲ။ မျက်စိနောက်တယ်၊ နားရှုပ်တယ်ကွာ လို့ တစ်ခွန်းတည်းပြောလိုက်တာနဲ့ နာရီပိုင်းအတွင်း ဒီ media ကို ကျွန်တော်တို့ သုံးခွင့်ရတော့မှာ မဟုတ်ပါဘူး။ အဲဒီတော့ ကျွန်တော်တို့ လက်ရှိ ရထားတဲ့ online media လေးလည်း ဆင်ဆာအောက်ကို မရောက်အောင် ကျွန်တော်တို့နဲ့ဝေးကွာမသွားရလေအောင် သုံးစွဲသူ ရေးသားသူ တွေက ကိုယ့်ဆင်ဆာလေးနဲ့ကိုယ် သုံးစွဲရေးသားကြရင် မကောင်းဘူးလားဗျာ။ ဒီ post ကိုဖတ်ပြီး မကြိုက်ဘူးဆိုရင် လက်မခံဘူးဆိုရင် အယုတ္တ အနတ္တတော့ မဆဲပါနဲ့ဗျာ။ မိကောင်းဖခင်သားသမီးပီပီ ယဉ်ယဉ်ကျေးကျေး ပြောဆိုရေးသား
ဆွေးနွေးလို့ရပါတယ်။

မင်းအုပ်စိုး









အပြည့်အစုံသို့ >>

အရှေ့အလယ်ပိုင်း သပွတ်အူစစ်ပွဲ


By
ကြည်နေ၀င်းမင်း



မက်ဒေါ်နယ်ဒေါက်ကလပ်စ်ကုမ္ပဏီမှ ထုတ်လုပ်သော F4 Phantom တိုက်လေယာဉ်များသည် ၁၉၆၀ ပြည့်နှစ်ကျော်ကာလ ဗီယက်နမ်စစ်ပွဲအတွင်း အမေရိကန်လေတပ်၏ ခိုင်းနွားများဖြစ်ခဲ့သည်။ ယင်းလေယာဉ်များကို အမေရိကန်လေတပ်နှင့် ဗြိတိသျှတော်ဝင်လေတပ်တို့က လွန်ခဲ့သော နှစ်ပေါင်း ၂၀ က အနားပေးခဲ့သည်။

သို့သော် ရာဇ၀င်တွင်ခဲ့သော ဗုံးကြဲတိုက်လေယာဉ်သည် လွန်ခဲ့သော ရက်အနည်းငယ်က အီရတ်နိုင်ငံမြောက်ပိုင်း၌ မထင်မှတ်ဘဲ ထပ်မံအစွမ်းပြခဲ့သည်။ ၁၉၇၉ ခုနှစ် အီရန်တော်လှန်ရေးကာလတွင် ပြုတ်ကျခဲ့သော ရှားဘုရင်လက်ထက်က ၀ယ်ယူခဲ့သော အီရန်လေတပ်က Phantom တိုက်လေယာဉ်များသည် အီရတ်တပ်ဖွဲ့များနှင့် အိုင်အက်စ်အဖွဲ့များ ရင်ဆိုင်တွေ့နေရာ ရှေ့တန်းမျက်နှာစာ ဆာဒီယာမြို့အနီးရှိ အိုင်အက်စ်စခန်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

အဆိုပါ အီရန်၏တိုက်ခိုက်မှုများနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်မှုမရှိဟု အမေရိကန်စစ်ဌာနချုပ် ပင်တဂွန်အရာရှိများက အလျင်အမြန်ငြင်းဆိုကြသည်။ မေးခွန်းထုတ်စရာမရှိအောင် ထင်ရှားနေသောအချက်မှာ အမေရိကန်နိုင်ငံရော အီရန်နိုင်ငံပါ ဘုံရန်သူကိုချေမှုန်းရေး တူညီသော စစ်ပွဲသဘင်တွင် ပါဝင်ဆင်နွှဲနေခြင်းဖြစ်သည်။

အမေရိကန်နှင့် အီရန်နှစ်နိုင်ငံမှာ နှစ်ပေါင်း ၃၀ ကျော် သံတမန်ရေးဆက်ဆံမှုမရှိဘဲ တစ်ခါတစ်ရံတွင် နှစ်နိုင်ငံကြား စစ်ဖြစ်လုဆဲဆဲ အခြေအနေများကြားမှပင် ယင်းသို့ ဘုံတိုက်ခိုက်မှုရှိလာခြင်းဖြစ်သည်။ နှစ်နိုင်ငံစစ်တပ်များကြား တိုက်ရိုက်ပူးပေါင်းဆောင်ရွက်မှု ရှိပုံမပေါ်သော်လည်း ၎င်းတို့၏တိုက်ခိုက်မှုများနှင့် ပတ်သက်၍ လေတပ်နှစ်ခုလုံးက အီရတ်ကာကွယ်ရေးဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်ရမည်မှာ သေချာသလောက်ဖြစ်သည်။ ယင်းအဖြစ်အပျက်မှာ ထူးခြားပါသည်။ သို့သော် ကြိုတင်မခန့်မှန်းနိုင်သော အရာတော့မဟုတ်ပါ။

အမေရိကန်လေတပ်နှင့် ဘာရှားအယ်လ်အာဆတ်၏ လေတပ်က နိုင်ငံအရှေ့ပိုင်း အိုင်အက်စ်တို့ ထိန်းချုပ်ထားသော ရက်ကာမြို့အပေါ် အတူတူပစ်မှတ်ထားတိုက်ခိုက်နေသည်ကို စဉ်းစားကြည့်ပါ။ လွန်ခဲ့သောသီတင်းနှစ်ပတ်က လေတပ်နှစ်တပ်စလုံးက ယင်းမြို့ကို ဗုံးကြဲခဲ့ကြသည်။ ဆီးရီးယားအစိုးရ ထိန်းချုပ်မှုတွင် ရှိမနေသည့် တစ်ခုတည်းသော ပြည်နယ်မြို့တော်ကို ရက်ပိုင်းသာခြား၍ တိုက်ခိုက်ခဲ့သည်။

ဇန်န၀ါရီ ၁၂ ရက်က အိုင်အက်စ်အဖွဲ့ လက်တွင်းသို့ ရက်ကာမြို့ ကျသွားချိန်မှစ၍ ဆီးရီးယားလေတပ်က ယင်းမြို့ကို တိုက်ခိုက်မှုနည်းပါးပြီး အချိန်အတန်ကြာမှ တစ်ကြိမ်တစ်ခါ တိုက်ခိုက်ခြင်းမှာလည်း စိတ်ဝင်စားစရာဖြစ်သည်။ အီရန်နှင့် ဆီးရီးယားတို့၏ တိုက်ခိုက်မှုများမှာ အမေရိကန်နှင့်အတူ ဘုံရန်သူဖြစ်နေခြင်းကို ထင်သာမြင်သာဖြစ်စေရန် အခွင့်အရေးယူ ကြိုးပမ်းခြင်းဖြစ်နေသည်လား တွေးတောစရာဖြစ်သည်။ ယင်းဖြစ်ပေါ်တိုးတက်မှုများကို အခြားမဟာမိတ်နိုင်ငံများက ဒေါသနှင့်မဟုတ်လျှင်သော်မှ စိုးရိမ်ပူပန်မှုဖြင့် ရှုမြင်ကြမည်ဖြစ်သည်။

အစ္စလာမ်မစ်နိုင်ငံတော်အဖွဲ့ကို အမေရိကန်မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုစတင်ချိန်တွင် ဆော်ဒီအာရေးဗီးယားနှင့် ယူအေအီးနိုင်ငံအပါအ၀င် ပင်လယ်ကွေ့ဒေသ လေတပ်အများအပြား ပါဝင်ဆင်နွှဲခဲ့သည်။ ထိုအချိန်မှစ၍ ၎င်းတို့၏ပါဝင်မှုမှာ သိသာထင်ရှားမှု နည်းလာခဲ့သည်။ ရက်ကာမြို့တွင် ဆီးရီးယားလေကြောင်းတိုက်ခိုက်မှုနှင့် ဒီယာလာတွင် အီရန်တို့၏တိုက်ခိုက်မှုကို အမေရိကန်၏ မဟာမိတ်များ၊ အထူးသဖြင့် ပင်လယ်ကွေ့ဒေသ မဟာမိတ်များက စိတ်နှလုံးလေးလံစွာဖြင့် ရှုမြင်ကြပါလိမ့်မည်။ အီရန်ကိစ္စဆိုလျှင် အမေရိကန်နိုင်ငံနှင့် ထုတ်မပြောသော မဟာမိတ်ဖြစ်လာပြီလားဟု စိုးရိမ်ကြပါလိမ့်မည်။

အီရန်နိုင်ငံနှင့် ဆီးရီးယား၊ ဘဂ္ဂဒက်အစိုးရတို့ ပူးပေါင်းဆောင်ရွက်မှုမှာ အခြေအနေသစ်ဟုမဆိုနိုင်ပါ။ တကယ်တမ်းဆိုလျှင် အီရန်နှင့် ဆီးရီးယားနိုင်ငံကြား မဟာမိတ်မှာ လက်ရှိဆီးရီးယားသမ္မတ အာဆတ်၏အဖေ ဟာဖက်အယ်လ်အာဆတ်လက်ထက်အထိ နှစ်ပေါင်း ၃၀ ကျော် ရှည်လျားခဲ့သည်။ ယင်းမှာ အရေးပါသော မဟာမိတ်ဖွဲ့မှုဖြစ်သည်။ ယင်းသို့ မဟာမိတ်ဖွဲ့ထားခြင်းမရှိပါက အီရန်အနေဖြင့် ၎င်းအတွက် အလွန်အရေးပါသော လက်ဘနွန်မဟာမိတ် ဟစ်ဇ်ဘိုလာအဖွဲ့အား ထောက်ပံ့မှုပေးနိုင်မည်မဟုတ်ပေ။

၂၀၀၆ ခုနှစ်က အချိန်တစ်လကျော်ကြာမြင့်ခဲ့သော အစ္စရေးနှင့် ဟစ်ဇ်ဘိုလာတို့၏ စစ်ပွဲမှာ အီရန်က ဟစ်ဇ်ဘိုလာအဖွဲ့အား လက်နက်များနှင့် နည်းပညာပိုင်းအကူအညီ မပေးအပ်ခဲ့လျှင် ထိုမျှကြာမြင့်စွာ တိုက်ခိုက်နိုင်စရာမရှိခဲ့ပေ။

ယင်းမှနေ၍ ပြီးခဲ့သည့်သီတင်းပတ်တွင် အစ္စရေးလေတပ်က ဆီးရီးယားနိုင်ငံအတွင်း ၀င်ရောက်တိုက်ခိုက်ရသည့် အကြောင်းရင်းကို ဖော်ပြနေသည်။ အစ္စရေးတို့၏ ပထမတိုက်ခိုက်မှုမှာ ဟစ်ဘိုလာအဖွဲ့ထံ ဦးတည်နေသော အီရန်ဒုံးကျည်စနစ်များ သိုလှောင်ထားသည်ဟု ယုံကြည်ရသော သိုလှောင်ရုံများကို ပစ်မှတ်ထားခဲ့သည်။ ဒီမတ်စ်မြို့အနီး ဒုတိယတိုက်ခိုက်မှုမှာ ဒမတ်စကက်နှင့် ဟစ်ဇ်ဘိုလာကြား လက်ဘနွန်နယ်စပ်ဆီ ဦးတည်နေသော ဟစ်ဘိုလာယာဉ်တန်းကို တိုက်ခိုက်ခြင်းဖြစ်သည်။ ဒီမတ်စ်မြို့တိုက်ခိုက်မှုတွင် အီရန်၏ အဆင့်မြင့်မောင်းသူမဲ့လေယာဉ်များထားရှိသော လေတပ်အခြေစိုက်စခန်းကိုလည်း ထိမှန်ခဲ့သည်ဟုဆိုသည်။

ယင်းတိုက်ခိုက်မှုအတွင်း ဟစ်ဇ်ဘိုလာအဖွဲ့ဝင် အများအပြားလည်း သေဆုံးခဲ့သည်ဆိုသော သတင်းကြားရသည်ဟု အတိုက်အခံလိုလာသေား ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ပြောကြားသည်။

အဆိုပါတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ဟစ်ဇ်ဘိုလာအဖွဲ့က မည်သည့်မှတ်ချက်မှမပေးခဲ့ပေ။ ဘာရှားအယ်လ်အာဆတ်အစိုးရအား ထောက်ပံ့ရေး ဆီးရီးယားတွင် ၎င်းတို့စစ်ရေးအရ အကြီးအကျယ် ပါဝင်ပတ်သက်နေမှုကို ထောက်ရှုလျှင် ထိုကိစ္စ ထုတ်ဖော်ပြောစရာအကြောင်းလည်းမရှိပေ။ အီရန်နှင့် အီရတ်တို့၏ ရင်းနှီးလာသော ဆက်ဆံရေးမှာ ဘုရှ်အစိုးရလက်ထက် ၂၀၀၃ ခုနှစ်က ဆက်ဒမ်ဟူစိန်အစိုးရကို ဖြုတ်ချလိုက်ခြင်းမှ တိုက်ရိုက်ထွက်ပေါ်လာသော အကျိုးရလဒ်ဖြစ်သည်။

ဆွန်နီမွတ်စလင်အာဏာရှင်ကို ဖယ်ရှားလိုက်ခြင်းနှင့် အင်အားတောင့်တင်းသော အီရတ်နိုင်ငံ ပြိုကွဲသွားခြင်းမှနေ၍ အီရတ်ရှီးဟိုက်များကို အင်အားဖြည့်တင်းပေးခြင်းဆီ ဦးတည်မှုနှင့်အတူ အီရန်-အီရတ် ၀င်ရိုးတန်း အလျင်အမြန် ပေါ်ပေါက်လာခဲ့သည်။

အီရတ်နိုင်ငံ၏ ဒုတိယမြို့တော် မိုဆူးလ်အိုင်အက်စ်တို့ လက်အတွင်း ကျရောက်သွားသောအခါ တီဟီရန်နှင့် ဘဂ္ဂဒက်ကြား စစ်ရေးဆက်ဆံမှု ပိုမိုနက်ရှိုင်းလာခဲ့သည်။ ၀ါရှင်တန်နှင့် တီဟီရန်တို့က ခြေမကိုင်မိလက်မကိုင်မိဖြစ်နေသော အီရတ်အစိုးရကို အပြိုင်အဆိုင်ကူညီနေကြသည်။

အီရန်က အီရတ်နိုင်ငံသို့ ရုရှားလုပ် ဆူနွိုင်း-၂၅ တိုက်လေယာဉ်များ ထောက်ပံ့ပေးထားသည်ဟု သိရှိကြပြီး ယင်းလေယာဉ်များကို အီရန်လေယာဉ်မှူးများက မောင်းနှင်မည်ဟု ယူဆကြသည်။ အဆိုပါဆင့်ကဲဖြစ်စဉ်များမှနေ၍ အမေရိကန်နှင့် ၎င်း၏ ပင်လယ်ကွေ့မဟာမိတ်များ၏ ဆက်ဆံရေးရှုပ်ထွေးလာစေမည်မှာ မြေကြီးလက်ခပ်မလွဲပေ။ စတုတ္ထမြောက်နှစ်အတွင်း ၀င်ရောက်လာသော ဆီးရီးယားစစ်ပွဲမှာ ပြေလည်မည့်အရိပ်လက္ခဏာ မရှိသေးဘဲ အိုင်အက်စ်အဖွဲ့၏ စစ်ရေးနှင့် နိုင်ငံရေးအင်အားကြီးမားလာမှုကို အလွန်ဆုံး ထိန်းချုပ်ထားရေးသာ လုပ်ဆောင်နိုင်သည်။

ဆီးရီးယားပြည်တွင်းစစ်တွင် နိုင်ငံရေးအရ ဖြေရှင်းရန် လမ်းစရှာတွေ့ရေးမှာ မဖြစ်နိုင်သလောက်ပင်ဖြစ်သည်။

အတိုက်အခံ ဆီးရီးယားအမျိုးသားကောင်စီမှာ အကြီးမားဆုံးအရှုံးသမားဟု ဆိုနိုင်သည်။ ပြည်တွင်းစစ်များတွင် ဖြစ်လေ့ဖြစ်ထရှိသည့်အတိုင်း အစွန်းရောက်အဖွဲ့များက လွှမ်းမိုးနေသည်။ ၂၀၁၅ တွင်မူ အိုဘားမားအစိုးရမှာ အရှေ့အလယ်ပိုင်း၌ ဖိအားလျော့ပါးမှု မြင်တွေ့ရမည်လား မျှော်လင့်စရာဖြစ်သည်။

—Ref: It’s a weird war
အပြည့်အစုံသို့ >>

KIA ဖိနှိပ်အသုံးချခံ ဒေသခံပြည်သူများ၏ လွတ်မြောက်ခွင့် ဘယ်တော့လဲ ?



ဒီဇင်ဘာ ၂၁ ရက်၊ ၂၀၁၄

ကမ္ဘာပေါ်မှာ လက်နက်ကိုင်အဖွဲ့အစည်း အများဆုံးနိုင်ငံကို ပြပါဆိုရင် မြန်မာနိုင်ငံကို လက်ညှိုးထိုးကြပါလိမ့်မယ်။ အဲဒီ အချက်ဟာ ဒီမိုကရေစီနိုင်ငံတစ်ခု ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဟန့်အတားတစ်ခုဖြစ်နေပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင် ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုတွေ လက်ရှိ ဒီမိုကရေစီခေတ်မှာ ခြေလှမ်းစိတ်စိတ်လုပ်လာတာ တွေ့ရပါတယ်။ လက်နက်ကိုင် တပ်ဖွဲ့တွေ ကျင်လည်ရာဒေသမှာ တိုင်းရင်းသားတွေဟာ စစ်ဘေးစစ်ဒဏ်ကို ခါးစည်းခံခဲ့ရ သလို အဲဒီလက်နက်ကိုင်တွေရဲ့ ဖိနှိပ်အသုံးချမှုကိုလည်း ခံခဲ့ရပါတယ်။

ဒါပေမယ့် ခေတ်သစ်စနစ်သစ်မှာ အဲဒီအမူအကျင့်တွေ ပြောင်းလဲသင့်ပြီဖြစ်သလို ဒေသခံပြည်သူတွေရဲ့ ဘ၀ဟာလည်း အဆင့် အတန်းမြင့်တဲ့ လူနေမှုဘ၀ကို ပိုင်ဆိုင်ချိန်တန်နေပြီဖြစ်ပါတယ်။ ဒီနေ့ ဒီအချိန်ထိ ဖိနှိပ်အသုံးချခံ ပြည်သူတွေ ရှိနေဆဲဖြစ်ပြီး လက်နက်ကိုင်အဖွဲ့အစည်းတွေဟာလည်း အာဏာတည်မြဲရေး၊ ကိုယ်ကျိုးစီးပွားရရှိရေးအတွက် ဆက်လက် ဖိနှိပ်အသုံးချနေဆဲပဲ ဖြစ်ပါတယ်။

မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် လိုင်ဇာဒေသ၀န်းကျင်က ပြည်သူတွေရဲ့ဘ၀ဟာ KIA ခေါင်းဆောင်တွေရဲ့ ဖိနှိပ် အသုံးချမှုကို ယနေ့တိုင် ခံစားနေကြရပါတယ်။ လိုင်ဇာဟာ KIA ဗဟိုဌာနချုပ်ရှိရာမြို့ဖြစ်တာကြောင့် ဒေသခံ ကချင်ပြည်သူတွေဟာဆိုရင် KIA ရဲ့ ထားရာနေ စေရာသွား ဘ၀တွေကနေ ရုန်းမထွက်နိုင်သေးပါဘူး။ လိုင်ဇာမြို့မှာဆိုရင် ပြည်တွင်းက TV Line အကုန်ရပါတယ်။ Skynet, 5 Movies , 5 Series စတဲ့ ရုပ်သံတွေအားလုံးရပါတယ်။ တစ်လကို ယွမ် (၂၅) ယွမ်၊ (၃၀) ယွမ် လောက်ပေးပြီး ကြည့်နိုင်ပါတယ်။ ဒါပေမဲ့ ပြည်တွင်းသတင်းအစီအစဉ်ကိုတော့ ဘယ်တော့မှ မပြပါဘူး။ လိုင်းဖြတ်ထားခြင်း ခံရပါတယ်။ ထူးထူးခြားခြား KIA ခေါင်းဆောင်ကြီးတွေ ရုံးထိုင်တဲ့ လိုင်ဇာဟိုတယ်မှာတော့ လိုင်းအားလုံး ကြည့်နေကြပါတယ်။

ပြည်တွင်းသတင်းကို လိုင်ဇာပြည်သူတွေ ဒီနေ့ဒီအချိန်ထိ မကြည့်ဖူးသေးပါဘူး။ KIA ခေါင်းဆောင်တွေကတော့ ပြည်တွင်း သတင်းကို ကြည့်နေကြပါတယ်။ ဘာ့ကြောင့် ပြည်သူတွေကို ပေးမကြည့်တာလဲဆိုတော့ မြန်မာနိုင်ငံမှာ ဘယ်လိုဖြစ်ပေါ် ပြောင်းလဲတိုးတက်နေတယ်ဆိုတာလိုင်ဇာပြည်သူတွေကို မသိစေချင်လို့ပါ။ နိုင်ငံအတွင်းမှာ ပြောင်းလဲတိုးတက်နေတဲ့ အခြေအနေတွေကို လိုင်ဇာ ပြည်သူတွေ သိသွားရင် ခေါင်းဆောင်ကြီးတွေကို မထောက်ခံတော့ဘဲ၊ အာဏာတည်မြဲဖို့ အတွက် စိုးရိမ်စရာဖြစ်လာတာကြောင့်လို့ ဆိုနိုင်ပါတယ်။ တစ်နည်းအားဖြင့် လိုင်ဇာပြည်သူတွေကို KIA ခေါင်းဆောင်တွေ က သတင်းအမှောင်ချထားခြင်းလည်း ဖြစ်ပါတယ်။

လိုင်ဇာပြည်တွေဟာ Laiza TV Channel တစ်ခုတည်းကိုပဲ ကြည့်ကြရပါတယ်။ အဲဒီ Channel မှာ KIA စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂမ်ရှောင် ပြောတဲ့ မိန့်ခွန်းတွေ လွှင့်ပါတယ်။ အဲဒီမိန့်ခွန်းတွေကတော့ ထုံးစံအတိုင်း အစိုးရမကောင်းကြောင်း ဦးစခုန်တိန့်ယိန်း မကောင်းကြောင်းကလွဲပြီး တစ်ခြားဘာမှမပါပါဘူး။ အစိုးရနဲ့ ဦးစခုန်တိန့်ယိန်း မကောင်းကြောင်းတွေကို ကဗျာလိုလို၊ သီချင်းလိုလို စာရွက်ပေါ်မှာရေးပြီး ပြည်သူထဲ ဖြန့်ဝေတာလည်း ရှိပါတယ်။ အပြင်လောကနဲ့ အဆက်အသွယ် ပြတ်နေတဲ့ ပြင်ပဗဟုသုတရော ဒေသန္တရ ဗဟုသုတပါ ဘာမှမရှိတဲ့ ပြည်သူတွေကတော့ KIA ခေါင်းဆောင်တွေ ပြောသမျှ အမှန်ထင်နေကြပါတယ်။ နှိုင်းယှဉ်စဉ်းစားစရာမရှိတော့ ခေါင်းဆောင်ကြီးတွေ ပြောသမျှ အဟုတ်ထင်ပြီး အစိုးရအပေါ် မုန်းတီးနာကြဉ်းခဲ့ကြတာဖြစ်ပါတယ် ။

လိုင်ဇာမြို့ခံလူငယ်တစ်ဦး ဆယ်တန်းအောင်ပြီးပြီးချင်း မန္တလေးကို အလည်လာချိန် သူထင်ထားခဲ့တာတွေနဲ့ တက်တက် စင်အောင်လွဲနေတာ တွေ့ရပါတယ်။ နိုင်ငံအတွင်း အစစအရာရာ ပြောင်းလဲ တိုးတက်နေပြီဆိုတာ ထိုလူငယ်လေး မျက်ဝါးထင်ထင်မြင်တွေ့သွားခဲ့တယ်။ သူတို့ အထင်ကြီးလေးစားနေတဲ့ KIA ခေါင်းဆောင်ကြီးတွေ ပြောတာနဲ့ လက်တွေ့ အပြင်မှာ တစ်ခြားစီဖြစ်နေတာကို လက်ခံသွားတယ်။ မသိနားမလည်တဲ့ ဒေသခံတွေအပေါ် ဖိနှိပ်အသုံးချနေတဲ့ KIA ခေါင်းဆောင်တွေကို တော်တော် စိတ်နာသွားပြီလို့လည်း ထိုလူငယ်လေးက ပြောပြသွားခဲ့ပါတယ်။

အချုပ်ပြောရမယ်ဆိုရင် ကချင်ပြည်နယ်အတွက် လုပ်နေတာပါလို့ တဖွဖွပြောနေတဲ့ KIA ခေါင်းဆောင်ကြီးတွေကို ဒေသခံ ပြည်သူတွေ အယုံအကြည်မရှိနိုင်တော့ပါဘူး။ သူတို့လုပ်နေတာဟာ သူတို့ရဲ့အကျိုးစီးပွားနဲ့ အာဏာတည်မြဲဖို့အတွက်ပဲ ဆိုတာ ပြည်သူတွေ သဘောပေါက်နေကြပါပြီ။ ကိုယ့်အာဏာတည်မြဲဖို့၊ ကိုယ့်အကျိုးစီးပွား တိုးတက်ဖို့ ဒေသခံ ကချင်ပြည်သူတွေကို သတင်းအမှောင်ချ ဖိနှိပ်အသုံးချနေတာ KIA ခေါင်းဆောင်တွေကြောင့် ဒေသခံပြည်သူတို့၏ လွတ်မြောက်ခွင့်သည် ဘယ်တော့ဖြစ်မလဲဆိုတာ စောင့်ကြည့်စရာကောင်းနေတာတော့ အမှန်ပင် ဖြစ်ပါသည်။

ဇော်လွန်းခေါင်









အပြည့်အစုံသို့ >>

ကျောင်းတော်ကြီး အလွမ်းပြေ



ဒီပုံလေး မြင်တော့ ဗိုလ်လောင်းဘ၀ က ထမင်းဝိုင်းလေးကိုသွားသတိရတယ် ။
ထမင်းဝိုင်းမှာ နောက်ဆုံး နှစ်စီနီယာ ၂ ယောက် က စားပွဲရဲ့ထိပ်စည်းမှာ ထိုင်ပါတယ် ။
နောက်ဆုံး နှစ် တွေ ဘေး ကတော့ ဒုတိယနှစ်တွေ ပါ ။
ပြီးကျမှ ပထမ နှစ် ဂျူ နီယာ ဗိုလ်လောင်းတွေ ထိုင်ရတယ် ။

ထမင်းစားတဲ့ ပုံစံခွက် မှာ ဟင်းတွေက စားရိပ်သာ က ၀ိတ်တာတွေက ခပ်ပေးထားပါတယ် ။
ဒါပေမဲ့ အလယ်မှာ ထား တဲ့ ထမင်းအုပ် ခပ်တာ ၊ သောက်ရေ ခွက်ခပ်တာကို ဂျူ နီယာ ဗိုလ်လောင်းတွေက လုပ်ပေးရတယ် ။

စာသင်ခန်း က ပြန်တာနောက်ကျလို့ ပဲဖြစ်ဖြစ် ၊ တခြား ကိစ္စ ကြောင့်ပဲဖြစ်ဖြစ် ထမင်းဝိုင်း ကို နောက်ကျရောက်ရင် နှစ်ကြီး စီနီယာတွေ ဆီမှာ ထမင်းဝိုင်းထဲ ထိုင်ခွင့်သွားတောင်းရတယ်။
လရဲ့ ပထမ ၂ ပါတ် အင်္ဂလိပ်လိုပြောရမဲ့ ချိန်ဆိုရင် .... Request Permission to sit sir. ပေါ့ ။
(မှတ်မှတ် ရရ ... ထင်းမင်းဝိုင်းတူ သူငယ်ချင်း က ပြောချင်ဇောလောကြီးပြီး Request Permission to sister ဆိုလို့ ... ဟာ first year ငါ့ညီမ လာတောင်းတယ် ..စမ်း နေပြီ ...ဆိုပြီး အအုပ်ခံရသေးတယ်... ) ...လရဲ့ နောက်ဆုံး နှစ်ပတ်ဆိုရင်တော့ " ထိုင်ခွင့် ပြု ပါ " ဆိုပြီး သွားတောင်းရတယ် ။ အဲဒီ ချိန် စီနီယာ ဗိုလ်လောင်းကလည်း ခွင့်တောင်းမှု ကိုလေးစားသောအားဖြင့် ...ထမင်းစားရပ်ထားရတယ် ။ ပြီးမှ ထိုင် ပါ ဆိုမှ ကိုယ် ထိုင်တဲ့ ခုံ ကို သွားထိုင်ရတယ် ။

ကုလားထိုင် ကို ထိုင်ရင် ထမင်းစားပွဲ နဲ့ ရင်ဘက်နဲ့ ကပ်ထိုင်ရတယ် ။ ကိုယ်တွေက တော က တက်လာတာဆိုတော့ ဇွန်းခက်ရင်းနဲ့ စားကျင့် မရှိပါဘူး ။ ထမင်းဝိုင်းမှာ စီနီယာတွေကပဲ ဇွန်းကို ကလောင်ကိုင် ၊ ခက်ရင်းကို ဓားကိုင် ကိုင်ရတယ်ဆိုပြီးသင်ပေးတယ် ။ ထမင်းစားနေရင်း စီနီယာ က စကားပြောတာပဲဖြစ်ဖြစ် ...ထမင်းထပ်ထည့်ဖို့ ပဲဖြစ်ဖြစ် .... ဇွန်းခက်ရင်းကိုချရင် ... ဇွန်း နဲ့ ခက်ရင်းရဲ့ အမြီးကို ကားပြီးချထားရတယ် ။ ခု ပုံထဲ က ကာချုပ် ချထားတဲ့ ပုံစံမျိုးပေါ့ ။
တကယ်လို့ ကိုယ် က စားလို့ အားလုံးပြီးသွားပြီ ... စီနီယာတွေ ကမပြီးသေးဘူးဆိုရင်တော့ ဇွန်းနဲ့ ခက်ရင်းကို ယှဉ်လျှက် ပူးချ ထားပြီး ...ပါးစပ်တွေ သုတ် ပြီး စီနီယာဆီ မှာ ထမင်းဝိုင်းထဲ က ထွက်ခွင့် သွားတောင်းရတယ် ။ ပြီးမှ ကိုယ့် ဇွန်းခက်ရင်းကို ဆေး တဲ့ နေရာယူပေါ့ ။

ဂျူ နီ ယာ ဗိုလ်လောင်းဘ၀ က အမြဲ ခုန်ပေါက် ၊ ပြေးလွှား နေရတော့ အာဟာရ ပိုလိုလေ့ရှိတယ်။
တကယ်လို့ အာဟာရမပြည့်ရင် ၊ ကယ်လ်စီယမ် ဓာတ်လိုတာတို့ ဖြစ်လာရင် ကြွက်သားအလှုပ်ရှားများတော့ ကျီးပေါင်းတက်တာ ခဏခဏ ဖြစ်ကြတယ် ။ ဒီဘ၀ က ဖြတ်သန်းလာ ခဲ့ တဲ့ ထမင်း ၀ိုင်း စီနီယာတွေ က အနည်းဆုံး ထမင်းကို ၃ ပန်းကန်စားခိုင်းတယ် ။ ကျွေးသမျှ အသား အကုန်စားရတယ် ။ အမဲသား မစားလို့ ၊ ၀က်သားမစားလို့ ရှောင်ထားတယ်ဆိုလည်း မရဘူး ။ နွားနို့ ဆိုလည်း မသောက်ချင်လည်း သောက်ရတယ် ။ သူတို့ စကေးလ် ရတဲ့ နွားနို့တို့ ၊ ကြက်ဥ တို့ ဆို ကိုယ်က စားရတာ များတယ် ။ ဒါပေမဲ့ အဲဒီတုန်းကတော့ မစားချင်လည်း စား ၊ စားချင်လည်းစား ဆိုတော့ စိတ်ထဲ မှာ ကျဉ်းကြပ်တာတော့ အမှန်ပဲ ။ ကိုယ် က စီနီယာ ဖြစ်လာတဲ့ခါ ကျတော့ ကိုယ့် နဲ့ ထမင်းတူတူ စားတဲ့ ဂျူ နီယာတွေကို သဘောပေါက်အောင်ပြောပြရတယ် ။ ဘာကြောင့် စားသင့်တယ် ၊ ဘာကြောင့် စားရမယ်ဆိုတာ ကို ပြောပြရတယ် ။ တခါတခါ ကျတော့ စေတနာ ဆိုပေမဲ့ သဘောပေါက်နားလည်မှု မရှိရင် တစ်ဖက်မှာ အနေရခက်တယ်ဆိုတာ ကိုယ့်တွေ့ ကြုံခဲ့ ဖူးတော့ နားလည်တယ် ။

ကျောင်းတော်ကြီး က သင်ပေးလိုက်တဲ့ စီနီယာ ဂျူ နီယာ သံယောဇဉ်စည်းနှောင်မှု ဟာ ကိုယ်တိုင် ကြုံဖူးသူတစ်ယောက်မဟုတ်ရင်နားလည်ဖို့ ခက်ခဲ ပါလိမ့်မယ် ။ အမိန့် ပေး စနစ် အောက်မှာ နေကြသည့်တိုင် ... ညီ အစ်ကိုချင်းတွေ ကြားမှာ ထားတဲ့ Mutual Respect , Mutual Relation တွေ က ပြန်ပြော ပြဖို့ တော်တော်ခက်ပါတယ် ။

အခု လုပ်တဲ့ ကန်တော့ ပွဲ က ၁၄၊၁၅၊၁၆၊၁၇၊၁၈၊၁၉ ဆိုတော့ ကာချုပ်ဟာ ဂျူနီယာအကျဆုံးပါ ။
ရာထူးအရ လက်ရှိအကြီးဆုံးဖြစ်ပေမဲ့ သူ့စီနီယာတွေ ထမင်းစားရင်းစကားပြောနေတဲ့ ချိန် သူဘယ်လို စိတ်ထား မျိုး နဲ့ နားထောင် နေတယ်ဆိုတာ ... စစ်တက္ကသိုလ် တက်ခဲ့ ဖူးတဲ့ သူတွေ တော့ ကောင်းကောင်းနားလည်ကြပါတယ် ။


ရုပ်ဆိုး






အပြည့်အစုံသို့ >>

တိုင်းရင်းသားအားလုံး ပြည်ထောင်စု စိတ်ဓာတ်မရှိပါက လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာဆုံးရှုံးမည်ဟု ကာချုပ်ပြော


Byအေးသူစံ

တပ်မတော်ဆေးတက္ကသိုလ်ဗိုလ်လောင်းသင်တန်းဆင်းပွဲသို့ တက်ရောက်မိန့်ခွန်းပြောကြားသည့် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်


မြန်မာနိုင်ငံသည် တိုင်း ရင်းသားလူမျိုးများစွာ စုပေါင်း နေထိုင်ဖွဲ့စည်းသည့် ပြည်ထောင် စုနိုင်ငံဖြစ်ပြီး တိုင်းရင်းသားလူ မျိုးများအားလုံးအတွက် ပြည် ထောင်စုစိတ်ဓာတ်မရှိပါက တိုင်း ရင်းသားစည်းလုံးညီညွတ်ရေးပြို ကွဲပြီး နိုင်ငံတော်၏ လွတ်လပ် ရေးနှင့် အချုပ်အခြာအာဏာကို ဆုံးရှုံးသွားမည်ဖြစ်ကြောင်း တပ် မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကပြောကြားသည်။


ဒီဇင်ဘာ ၁၉ ရက်က ရန် ကုန်မြို့ တပ်မတော်ဆေးတက္ကသိုလ်တွင် ပြုလုပ်သည့် ဆေး တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အပတ်စဉ်(၁၆) သင်တန်းဆင်းပွဲ၌ ကာကွယ်ရေးဦးစီးချုပ်က ၎င်း၏မိန့်ခွန်းတွင် အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့နှင့် တပ်ပေါင်းစုအချို့ က ဖက်ဒရယ်ပြည်ထောင်စုတပ် မတော်ကို တောင်းဆိုနေချိန်၊ ဖက်ဒရယ်ပြည်ထောင်စုတပ်မတော်မှာ နိုင်ငံတကာတွင်လည်း မရှိကြောင်း ကမ္ဘာ့ရပ်မိရပ်ဖအဖွဲ့က ကာကွယ်ရေးဦးစီးချုပ်နှင့် နေ ပြည်တော်၌ တွေ့ဆုံစဉ်ပြော ကြားခဲ့ကြောင်း တပ်မတော်က သတင်းထုတ်ပြန်ထားချိန်တွင် ကာကွယ်ရေးဦးစီးချုပ်က ပြည် ထောင်စုစိတ်ဓာတ်
ထားရှိရေးနှင့် ပတ်သက်၍ ဗိုလ်လောင်းသင် တန်းဆင်းပွဲ၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော်ကမ္ဘာ့ရပ်မိရပ်ဖ အဖွဲ့ဒုဥက္ကဋ္ဌက ဒီဇင်ဘာ ၁၈ ရက်က ပြုလုပ်ခဲ့သော သတင်းစာ ရှင်းလင်းပွဲတွင် ‘‘ကျွန်မတို့ တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့တွေ နဲ့ရော တိုင်းရင်းသားပါတီတွေက ကိုယ်စားလှယ်တွေနဲ့ရော တွေ့ ဆုံခဲ့တယ်။ ဒီတစ်ခေါက်တင် မ ဟုတ်ပါဘူး။ အရင်တစ်ခေါက် လာတုန်းကလည်း တွေ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေး ကောက်ပွဲနဲ့အတူ အရပ်သား အုပ်ချုပ်မှုအောက်ရောက်ရှိလာမယ့် မြန်မာနိုင်ငံတော်သစ်အတွက် အနာဂတ်တပ်မတော်အနေနဲ့ ဘယ်လိုဖြစ်မလဲဆိုတဲ့ မေးခွန်း အကြောင်းလည်းပါပါတယ်။ ဘယ်လိုတပ်မတော်မျိုးလဲလို့ မေးတဲ့အခါ ကျွန်မတို့ကပြောပါ တယ်။ နိုင်ငံတိုင်းမှာ တစ်နိုင်ငံလုံး ကို ကာကွယ်ဖို့ တပ်မတော်က တစ်ခုပဲရှိပါတယ်။
ပြည်ထောင်စု တပ်မတော်(Federal Army) ဆို တာ တခြားနိုင်ငံတွေမှာ မရှိပါဘူး။တခြားနိုင်ငံတွေရဲ့ အတွေ့အကြုံ နဲ့ အဲဒီလိုကျွန်မတို့ ရှင်းပြခဲ့တာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီနိုင်ငံမှာ တပ်မတော်က လက် တစ်ကမ်းအလိုအပြောင်းအလဲရဲ့ ခက်ခဲတဲ့အစိတ်အပိုင်းကို ရောက် ရှိနေပြီး တခြားတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ အပါအ၀င် လူမှုအဖွဲ့အစည်းအား လုံးနဲ့ ကောင်းမွန်တဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေပြုလုပ်ရမှာဖြစ် ပါတယ်။ အဲဒီလိုဆိုရင်တော့ ပြည်သူအားလုံးအတွက် ထူးခြားအံ့သြ ဖွယ်ဖြစ်လာမှာဖြစ်ပါတယ်။ အဲဒါ က အဖွဲ့အစည်းတိုင်းနဲ့ ကျွန်မတို့ ဆွေးနွေးခဲ့
တာဖြစ်ပါတယ်’’ဟု သမ္မတ၊ ကာချုပ်၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့မှ ကိုယ်စား လှယ်များအပါအ၀င် တွေ့ဆုံမှု တိုင်း၌ ဆွေးနွေးခဲ့ကြောင်း ပြန်ပြောသည်။

မြန်မာနိုင်ငံသည် ဒေသတွင်းမဟာဗျူဟာကျသည့် တည်နေရာ ကိုပိုင်ဆိုင်ထားသည့်အပြင် တိုင်း ရင်းသားလူမျိုးများစွာ စုပေါင်း နေထိုင်ဖွဲ့စည်းထားသည့် ပြည် ထောင်စုနိုင်ငံဖြစ်ကြောင်း ကာ ချုပ်ကဆိုသည်။ ထို့အပြင် နိုင်ငံ ရှေ့ဆက်လျှောက်ရမည့်လမ်း ကြောင်း ခိုင်မာရေးအတွက် နိုင်ငံ တည်ငြိမ်အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးကို တပ်မတော်က အမျိုးသား ရေးမူအဖြစ် ခံယူအကောင်အ ထည်ဖော်နေကြောင်း ကာချုပ်က ဆိုသည်။

လက်ရှိတပ်မတော်မှာ ပြည် ထောင်စုတပ်မတော်ဖြစ်သည်နှင့် အညီ တိုင်းရင်းသားပြည်သူများ နှင့် တစ်သားတည်းရှိရန်နှင့် တိုင်း ရင်းသားပြည်သူများ၏ အကျိုးစီး ပွားလုံခြုံဖွံ့ဖြိုးတိုးတက်ရေးကို ထိန်းသိမ်းစောင့်ရှောက်ရန်လို ကြောင်း ကျောင်းဆင်းဗိုလ်လောင်းများကို ကာကွယ်ရေးဦး စီးချုပ်က ပြောကြားခဲ့သည်။

ကာကွယ်ရေးဦးစီးချုပ်သည် ယခုနှစ်မတ်လ ၂၇ ရက်က ပြုလုပ်ခဲ့သော တပ်မတော်နေ့အခမ်းအ နားတွင်လည်း လက်ရှိတပ်မ တော်အတွင်း တိုင်းရင်းသားစုစု ပေါင်း ၄၅၀၀ ခန့်မှာ ရာထူးအဆင့်ဆင့်၌ တာဝန်ထမ်းဆောင်နေပြီး တိုင်းရင်းသားတပ်မတော်သား များကို ခွဲခြားထားခြင်းမရှိကြောင်းပြောကြားခဲ့သည်။

ယခုကျောင်းဆင်းခဲ့သော တပ်မတော်ဆေးတက္ကသိုလ်ဗိုလ် လောင်းများအနေဖြင့် တပ်မတော်သားနှင့် မိသားစုဝင်များကို သာ မက လမ်းပန်းဆက်သွယ်မှုခက်ခဲ ပြီး ဆေးကုသမှုပေးရန် လိုအပ်နေသည့်ဒေသများမှ တိုင်းရင်းသားများကိုလည်း ကျန်းမာရေး စောင့်ရှောက်မှုဆောင်ရွက်ပေး
ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထို့အပြင် မြန်မာနိုင်ငံသည် ယခုလဆန်းက ဇီဝလက်နက် တားဆီးပိတ်ပင်ရေးစာချုပ်အဖွဲ့
ဝင်နိုင်ငံဖြစ်လာခဲ့ပြီးနောက် မျက် မှောက်ခေတ်စစ်ပွဲများတွင် သမားရိုးကျလက်နက်ခဲယမ်းများနှင့်သာမက တားမြစ်ထားသည့် ဓာတုဇီဝလက်နက်များနှင့် တိုက်ခိုက်မှုများကို ရင်ဆိုင်ရနိုင်ပြီး ကာကွယ်တုံ့ပြန်နိုင်မည့်နည်းလမ်းများ၊ စမ်းသပ်စစ်ဆေးကုသသည့် နည်းလမ်းများကိုပါ ဆေးဝန်ထမ်း
တပ်ဖွဲ့များအနေဖြင့် ကြိုတင်မျှော် တွေးပြင်ဆင်ထားရန်လိုကြောင်း ကာချုပ်က ပြောကြားခဲ့သည်။

ကာချုပ်သည် ၂၀၁၃ နှစ် ဆန်းက တပ်မတော်နယ်လှည့်ဆေးကုသရေးခရီးစဉ်အချို့တွင် ကာကွယ်ရေးဦးစီးချုပ်အဖြစ် ပထမအကြိမ် လိုက်ပါခဲ့ပြီး ပြည်သူလူထုနှင့် ထိတွေ့ခဲ့သည်။



7 Days





အပြည့်အစုံသို့ >>

ကြယ် စင် တစ် ပွင့် ရဲ့ နေ ဝင် နိ ဂုံး


.(ဖြစ်ရပ်မှန်ဇာတ်လမ်း)

"ဆေးလိပ်ကိုဘယ်လိုသောက်နေတာလဲ ကျော်သိန်း.....ညဘက် ဆေးလိပ်သောက်ရင် နို့ဆီခွက်နဲ့အုပ်
သောက် ဖို့ ငါမမှာထားဘူးလားကွ"

ဆရာကြီးစိုးမောင်ရဲ့ ကြိမ်းမောင်းသံခပ်သဲ့သဲ့ကို ကြားနေရပေသည်။တပည့်တွေကလည်း တပည့်တွေပင်။အတန်တန်မှာထားရဲ့သားနဲ့ တခါတလေ ပေါ့ပေါ့ဆဆနဲ့နေတတ်သည်။အခုလည်း ညဘက်မှောင်ကြီးမဲကြီးထဲ ဆေးလိပ်မီးတစ်ရဲရဲ နှင့်သောက်နေသည်မို့ ဆရာကြီးစိုးမောင်က ဆူနေခြင်းဖြစ်သည်။

"စစ်မြေပြင်မှာ အမြဲတမ်းသတိ ရှိရှိနေရတယ်ကွ။တချက်ကလေးပေါ့လိုက်တာနဲ့ မင်းတင်မကဘူး. တစ်စခန်းလုံးအသက်ပါ ပါသွားနိုင်တယ်.နားလည်လား" ဆရာကြီးစိုးမောင်ရဲ့ အသံခပ်အုပ်အုပ်ဖြင့် ဆူသံကို ကြားရင်း အတွေးပေါ်လာသဖြင့် ကျွန်တော်ပြုံးမိသွားသည်။ကျွန်တော်လည်း စခန်းစရောက်စက ဆရာကြီးစိုးမောင်ရဲ့ ဂရုဏာဒေါသော ပြောတာကိုခံခဲ့ရသေးလို့ဖြစ်သည်။
အဲ့ဒီတုန်းက ကျွန်တော်က စခန်းကို ရောက်ခါစအချိန်။ ကျောင်းဆင်းဒုဗိုလ်နဲ့ မို့ အတွေ့အကြုံ မရှိသေးပေ။တနေ့မှာ ကျွန်တော်ရေချိုးဆင်းတော့ ပစ္စတိုကို မယူသွားမိ။ဒါကို သိသွားတဲ့ ဆရာကြီးစိုးမောင်က ကျွန်တော့်ဆီလာပြီး
"ဗိုလ်ကြီးရေချိုးတုန်းက ပစ္စတိုမယူသွားဘူးဆို .ဘာလို့လဲ "
ဆိုပြီးမေးလာသည်။
"မြင့်ဆွေနဲ့ ထွန်းလှမှာ အရှည်(အမ်အေ ၁)တွေပါလာလို့ ကျွန်တော်လည်းမယူသွားလိုက်တော့တာဗျ" လို့ ပြန်ပြောတော့
"နောက်ဆိုရေဆိပ်ဆင်းရင် သေနတ်ပါအောင် ယူသွားပါ ဗိုလ်ကြီး. တပည့်မှာ ပါတယ်ဆိုပြီး စိတ်ချလို့မရဘူး။တကယ်တမ်းဖြစ်လာရင် ကိုယ့်မှာသေနတ်ပါမှ ပြန်ခုခံလို့ရမှာမလား...ဒါကြောင့် ရေဆိပ်ဆင်းတိုင်း သေနတ်ပါအောင် ယူသွားပါ.ကျွန်တော်စိတ်မချဘူး..မဟုတ်ရင် ဗိုလ်ကြီးရေဆိပ်ဆင်းတိုင်း ကျွန်တော့်ကိုခေါ်သွားပါ ဆိုပြီး ဂရုဏာဒေါသောနှငိ့ ပြောလေသည်။
"ကျွန်တော်နားလည်ပါပြီ ဆရာကြီး.. နောက်ဆို ယူသွားပါ့မယ်။ စိတ်ပူပေးတာ ကျေးဇူးပါပဲ" ဆိုပြီး ပြန်ပြောလိုက်တော့မှ ကျေနပ်ဟန်ပြပြီး ပြန်ထွက်သွားလေတော့သည်။
ဆရာကြီးစိုးမောင်ကား ဤသို့တည်း။စခန်းနှင့်ရဲဘော်များအပေါ်တွင် အင်မတန်သစ္စာရှိပြီး အမုန်းခံ၍ ပြောသင့်သည်များကို အားမနာတမ်းပြောတတ်သူဖြစ်သည်။သူ့ရဲ့ အရပ်မှာ မနိမ့်မမြင့် ဖြစ်ပြီး ကျစ်လစ်သော ခန္ဓာရှိသည်။သာမန်အချိန်တွင် မျက်နှာသည် ပြုံးသဖွယ်ရှိသော်လည်း တပည့်များကိုဆုံးမရာတွင်တော့ မျက်နှာထားတင်းတင်းနှငိ့ ဆက်ဆံတတ်ပေသည်။တပည့်တွေကို အင်မတန်ဂရုစိုက်သူဖြစ် ပြီး အမြဲတမ်းစိုးရိမ်ပူပန်ပေးလေ့ရှိသည်။ ထမင်းစားချိန်တွေမှာ တပည့်တွေနဲ့အတူစားတတ်ပြီး ပုံတိုပတ်စလေးများကို ရယ်မောစရာ စနောက်ပြောတတ်သူမို့ ထမင်းဝိုင်းသည် ရယ်မောသံများနှင့် စိုပြေနေတတ်ပေသည်။ ညဘက်ရောက်လျင်လည်း တပည့်တွေ စောင့်ခြုံ အိပ်မအိပ်ကအစ လိုက်လံစစ်ဆေးပြီးမှ အိပ်တတ်သူဖြစ်သည်။တခါတရံ ကင်းတာဝန်ကျ ရဲဘော်လေးများ ဖျားနာနေပါက ကင်းအစား ဝင်ပေးလေ့ရှိသည်။ထို့ကြောင့်ပင် တပည့်များက ချစ်ကြောက် ရိုသေကြပေသည်။
စခန်းထိုင်တာဝန် ဟူသည် လှူပ်ရှားတာဝန်နှင့်မတူ။လှူပ်ရှားတာဝန်လောက် မပင်ပန်းသော်လည်း ငြီးငွေ့မှူကိုတော့ ခံစားကြရသည်။ပတ်ဝန်းကျင်ရှိသစ်ပင်တွေ တောင်တန်းတွေကို မြင်ရဖန်များသောအခါ ချစ်သူမရှိသူတွေတွေပင် လွမ်းစိတ်ဝင်လာပြီး စာတွေရေးလိုက် ကဗျာတွေစပ်လိုက်နှငိ့ လွှမ်းစိတ်တဝေဝေကို ဖြေဖျောက်နေရပေတော့သည်။တောင်ပေါ်မှာနေစဉ်အတွင်း ဖျော်ဖြေရေးအတွက်
ရေဒီယိုတစ်လုံးကိုသာ အဖော်ပြုနေထိုင်ရသည်။ရေဒီယိုသည်လည်း ငြီးငွေ့မှူဒဏ်ကို ကြာကြာမတွန်းလှန်နိုင်ပေ။ တနေကုန်နားထောင် ရင်းနှင့်ပင် လူကငြီးငွေ့လာတတ်ပေသည်။ ထိုအထဲတွင် အစားအသောက်အပေါ်ငြီးငွေ့စိတ်သည်လည်း ပိုပိုတိုးလေ့ရှိသည်။ ဆီအနည်းငယ်ပါသော အသားတုဟင်းနှင့် ငါးခြောက်ချက်ဟင်းတို့သည်ကား စခန်းအတွက် အကောင်းဆုံးသောအစားအစာများဖြစ်ကြသလို စားရဖန်များ၍ မမြင်ချင်လောက်အောင် ငြီးငွေ့နေသော အရာများလည်းဖြစ်လေသည်။စခန်းကုန်းသည် ရေဆိပ်နှင့် အတော်အတန်ဝေးသောကြောင့် ရာသီသီးနှံများ စိုက်ပျိုးရန် ခက်ခဲလှပေသည်။နေ့စဉ် အသားတု။ ငါးခြောက်ကို ထည်လဲစားရပါများသော အခါ ငြီးငွေ့သတတ်ငြီးငွေ့လာတတ်၍ အသီးရွက် လတ်လတ်ဆတ်ဆတ် ။ အသားစို လတ်လတ်ဆတ်ဆတ် စားချင်စိတ်တွေ တဖွားဖွားပေါ်လာလေ့ရှိသည်။အသားရနိုင်သည့် ခရုမှအစ ပုတ်သင်ညိုအဆုံး အစာအဖြစ် စားသောက်ကြရလေ့ရှိသည်။တခါတရံမှာတော့ ရှဉ့်ငပေါဟုခေါ်သော ရှဉ့်အိုလေးများရတတ်ပေသည်။ အမဲရှာလွန်းလို့ ငှက်တွေသည်ပင် ခြံစည်းရိုးထိပ် ဖြတ်မပျံရဲတော့ပေ။
ယခုလည်း စခန်းထို်င်ရသည်မှာ တစ်လပြည့်တော့မည်ဖြစ်သောကြောင့် အသားရှားပါးလာပြီဖြစ်သည်။တခါတရံ ငရုပ်သီးထောင်းကို အားပြု၍လည်းကောင်း ။ တခါတရံမှာတော့ ငှက်ပျောအူရခိုင်ချက်ကို အားပြု လွေးလိုက်နှင့် ဖြတ်သန်းနေရသည်။
ဤသို့ဖြင့်နေရက်များ ကုန်လွန်လာပြီး တနေ့တွင် "ဗိုလ်ကြီးတော့ ဒီနေ့ ဝက်ဂျပိုးဟင်း စားရတော့မယ်။" ဟု ဆရာကြီးစိုးမောင် ကပြောလာသည်။
"ပစ်သံခတ်သံလည်း မကြားရဘဲ ဘယ်က ဝက် ရတာတုန်း ဆရာကြီးရ... နေပါဦး..ဝက်ဂျပိုးဆိုတာ တောဝက်အကောင်သေးသေးတွေခေါ်တာလားဗျ" ကျွန်တော့အမေးကို ဆရာကြီးစိုးနို်င်က အပြုံးဖြင့်သာ တုန့်ပြန်သည်။ စားခါနီးကျသိရမှာပေါ့ ဗိုလ်ကြီးရ ဆိုပြီးသာ ပြန်ဖြေလေတော့ ကျွန်တော်လည်း ဆက်မမေးမိတော့ပေ။ အသားဟင်းပြတ်နေသည်မှာ ကြာပြီမို့ နေ့လည်စာစားချိန်မှသာ အပြတ်လွေးတော့မည် စိတ်ကူးမိရင်း ထိုနေ့က ထမင်းစားချိန်မြန်မြန်ရောက်ပါစေ ဆုတောင်းမိလိုက်သေးသည်။အသားဟင်းစားရဖို့ဆိုတာ တစ်နှစ်တစ်ခါကျတဲ့ သင်္ကြန်လို ရင်ခုန်စရာပင် ဖြစ်ပေတော့သည်။
နေ့လည်စားစားချိန်ရောက်တော့ အစိမ်းရင့်ရောင် ငပိထောင်းတစ်ခွက် ။ အသားတုဟင်းနှင့် ဟင်းချိုတစ်ခွက် စားပွဲပေါ်သို့ ဆရာကြီးကိုယ်တိုင် လာချပေးသည်။ဟင်းခွက်တွေကြားမှာ ဝက်ဂျပိုးဟင်းဆိုတာကို ရှာကြည့်မိသည်။ သို့သော်လည်း မတွေ့။အသားနှင့်တူတာဆိုလို့ ဟင်းခွက်တစ်ခွက်မှမပါ။
"ဘယ်မှာလဲ ဗျ..ဆရာကြီးပြောတဲ့ ဝက်သားဟင်း အဲမှားလို့ ဝက်ဂျပိုးဟင်းဆိုတာ. ကျွန်တော်တော့ မတွေ့မိပါလား" လို့မေးတော့ စားပွဲပေါ်မှ အစိမ်းရင့်ရောင် ဟင်းခွက်ကို ထိုးပြရင်း
" ဒီမှာလေ ဝက်ဂျပိုးဟင်းဆိုတာ"ဟု ပြုံးစိစိနှင့် ပြန်ဖြေလေသည်။ ဝက်ဂျပိုးဟင်းဆိုတာကို အသားဟင်းထင်မှတ်ပြီး အပြတ်လွေးမယ် စိတ်ကူးထားတဲ့ ကျွန်တော့်စိတ်ကူးတွေ လွှင့်ပြယ်သွားပြီး ခက်ရှက်ရှက်ဖြစ်နေတဲ့ကျွန်တော့ကို ဆရာကြီးက
"ဝက်ဂျပိုးဆိုတာကို ဗိုလ်ကြီးက အသားဟင်းလို့ ထင်နေတာမလား..အမှန်တော့ တောဂမုန်းလို့ခေါ်တဲ့ အစိမ်းရောင်အပင်တစ်မျိုးကို တောင်ပေါ်မှာ ဝက်ဂျပိုးလို့ခေါ်ကြတာလေ.. ကျွန်တော်တောင်ပေါ်စလိုက်တုန်းကလည်း ဝက်ဂျပိုးဟင်းဆိုတာကို တောဝက်သားဟင်းလို့ ထင်ခဲ့တာ"ဆိုပြီး ခပ်ပြုံးပြုံးနဲ့ ပြောရင်း "ဗိုလ်ကြီးကို ကျီစယ်မိတာ စိတ်မဆိုးနဲ့ဗျာ။ စိတ်ရွှင်ရအောင် ကျီစယ်လိုက်တာပါ "တဲ့။ ကျွန်တော်မှာ ငိုအားထက်ရယ်အားသန် ဖြစ်ခဲ့ရတာကို ပြန်တွေးရင်း ပြုံးနေတာကို တွေ့သွားတဲ့ ဆရာသိန်းဝင်းက
"ဗိုလ်ကြီး. ဘာတွေတွေးပြီးပြုံးနေလဲဗျ။မဟုတ်မှလွဲရော ဗိုလ်ကြီး ကောင်မလေးအကြောင်းပဲဖြစ်ရမယ်"
လို့ ပြောလာတော့မှ အတွေးကပြတ်သွားလေသည်။
ဘာပဲပြော ပြော ထိုနေ့ကငြီးငွေ့မှူတွေပြေပျောက်သွားခဲ့ရတာတော့ အမှန်ပင်။ ဒါကြောင့်လည်း ခေါင်းဆောင်မှူအင်္ဂါရပ်တွေထဲမှာ ဟာသဥာဏ်ကို စွမ်းရည်တစ်ရပ်အနေဖြင့် ထည့်ထားတာဖြစ်ကြာင်း ကျွန်တော်လေးနက်စွာ ခံစားလိုက်မိသည်။လူ့သဘာဝအရ မြင်ရ ကြားရ နေတဲ့အာရုံတွေထက် အာရုံအသစ်အဆန်းကို ခံစားလိုကြသည်။ထိတွေ့လိုကြသည်။ထိုအခါ ငြီးငွေ့လာပြီး လက်ရှိအခြေအနေကို ကောင်းစွာစိတ်မဝင်စားတတ်ကြတော့ပေ။ထိုသို့သော အခြေအနေမျိုးတွင် ခေါင်းဆောင်လုပ်သူသည် ဟာသဥာဏ်စွမ်းရည်ဖြင့် လက်ရှိအခြေအနေကို စစ်သည်တွေ စိတ်မပျက်အောင် ထိန်းကျောင်းနိုင်ဖို့လိုအပ်ကြောင်း နားလည်ခဲ့ရသည့်အတွက် ဆရာကြီးရဲ့ကျီစယ်မှူကို ကျွန်တော်ကတော့ သင်ယူမှူတစ်ခုလို့ပဲ မှတ်ယူခဲ့ပေသည်။
ကျောင်းဆင်းခါစ အရာရှိငယ်တစ်ဦးအတွက် သင်ယူစရာကားများလှပေစွ။
--------။။---------။။----------။။--------
တောက်.တောက်... တောက်.တောက်....တောက်
ကင်းတဲအတွင်းမှ တုံးခါက်သံထွက်ပေါ်လာသည်။အချိန်ကား ၅နာရီခန့်ရှိလေပြီ။ ကင်းတာဝန်ကျ ရဲဘော်လေး၏ တုံးခေါက်သံကြောင့် စခန်းတွင်းမှာ လှူပ်လှူပ်ရှားဖြစ်လာ၏။စခန်းတွင်း တံမြက်စည်းလှည်းသံ ။ မနက်စာချက်ပြုတ်ရန် ထင်းခွဲသံ တို့ဖြင့် မနက်ခင်းသည် ဝေဝေဆာဆာရှိလှပေသည်။တပ်ကြပ်ကြီးဦးစီးပြီး ရဲဘော်သုံးယောက်သည် စခန်းအောက်ခြေရှိ ရေဆိပ်သို့သွားရာလမ်းကို မိုင်းရှင်းရန်ပြင်ဆင်နေကြသည်။မကြာခင်မှာပဲ တပ်ကြပ်ကြီးစိုးမောင်က ရေဆိပ်လမ်းကြောင်းမိုင်းရှင်းသွားတော့မည်ဖြစ်ကြောင်း သတင်းပို့လာသည်။သေချာဂရုစိုက်ရှင်းလင်းဖို့ မှာကြားရပေသည်။
ခံစစ်စခန်း(Defended Post) များကို အချက်အချာမြေ(Critical Ground)ပေါ်တွင် တည်ဆောက်ထားလေ့ရှိရာ ခံစစ်စခန်းများသည် တိုက်ပွဲကို အဆုံးအဖြတ်ပေးနိုင်သည့် အရာဖြစ်သည့်အတွက် ခံစစ်စီမံချက်များကို မပြတ်လုပ်ဆောင်ရန် လိုအပ်ပေသည်။
တောင်ကုန်းများနှင့် သစ်ပင်များရဲ့အကာအကွယ်ကိုယူ၍ စခန်းနှငိ့ မနီးမဝေးမှာပင် သောင်းကျန်းသူတွေက မိုင်းလာထောင်တတ်ကြသည်။ အထူးသဖြင့် ရေဆိပ်လိုနေရာမျိုးသည် မဖြစ်မနေသွားလာကြရသော နေရာဖြစ်သောကြောင့် ပိုပြီး သတိထားရပေသည်။ရေထည့်စရာအဖြစ် ဝါးပိုးဝါးတွေကို အဆစ်ဖောက်ပြီး ရေထည့်သုံးကြသည်။ဝါးပိုးဝါးတစ်ဗူးဆိုလျင် နေ့လည်စာကောင်းကောင်းချက်နိုင်ပေသည်။
ရေဆိပ်သို့ ခဏခဏမလွှတ်ချင်သောကြောင့် ချက်ပြုတ်ရေးအတွက်ရေကို ဝါးပိုးဝါးများဖြင့် သိုလှောင်ထားရပေသည်။
"ထမင်းစားလို့မြိန်ရဲ့လားတပည့်ကြီးရ.." ဆရာကြီးစိုးမောင်ရဲ့ စေတနာပါလှသော အမေးသံကို နေ့လည်ခင်း ထမင်းဝိုင်းတွေအပြီးမှာ ကြားရမြဲဖြစ်သည်။တပည့်တွေကို တူတွေ သားတွေလို ဂရုတစိုက်ရှိလှ သော ဆရာကြီးစိုးမောင်နှင့် အတူတာဝန်ထမ်းဆောင်ရသည်မှာ ကျွန်တော်အတွက် ကံကောင်းလှပေသည်။
"တပည့်တွေကို ချော့တန်ချော့ မာန်တန်သည် မာန်မှ ဗိုလ်ကြီးရ.. ဒီကောင်တွေက တခါတလေ အသည်းငယ်တယ်။မာန်ပါများရင်လည်း စိတ်ညစ်ပြီး အလုပ်ကောင်းကောင်း မလုပ်တတ်ကြတော့ပြန်ဘူး"
နေ့လည်လက်ဖက်ရည် သောက်ချိန်စကားဝိုင်းမှာ တပည့်တွေအကြောင်း စခန်းအတွက်ပြင်စရာရှိတာတွေအကြောင်း ပြောလိုက်နှင့် ကျွန်တော်တို့ဖြတ်သန်းခဲ့သည် မှာ ဒီနေ့ဆို သုံးလပင်ကျော်ခဲ့ပြီဖြစ်ပေသည်။
"ဆရာကြီးစိုးမောင် ရှေ့အပါတ်ထဲမှာ ရိက္ခာပို့အဖွဲ့တက်လာလိမ့်မယ်။ထုံးစံအတိုင်း ဆရာကြီးဦးစီးပြီး ဆရာတစ်ယောက် ရဲဘော်နှစ်ယောက်က လမ်းပြအဖြစ်နဲ့ အထက်ဖက်က ပွိုင့်( ၂၉၂၃ )စခန်းကို လိုက်ပို့ပေးလိုက်ပါ"
"ဟုတ်ကဲ့ပါ ဗိုလ်ကြီး..ကျွန်တော်ပြင်ဆင်ထားလိုက်ပါ့မယ်"
အလေးပြုပြီး ပြန်လည်ထွက်သွာသော ဆရာကြီးစိုးမောင်ကို နောက်ကျောကို ကြည့်ရင်း သက်ပြင်းတစ်ချက်ချမိသည်။
ဖာပွန်ဒေသစခန်းများသည် တောင်ပေါ်ဒေသစခန်းများဖြစ်သည့်အလျောက် တောင်တက်တောင်ဆင်းများပေ
သည်။တောင်ပတ်လည်ကို ဖောက်ထားသောလမ်းမကြီးကို သောင်းကျန်းသူများက မိုင်းထောင်ထားလေ့ရှိသောကြောင့် လမ်းကို အသုံးမပြုကြချေ။တစ်နေရာမှ တစ်နေရာသို့သွားလိုလျင် လမ်းကို မသုံးဘဲ တောလမ်းအတိုင်းသာ မိုင်းရှင်းပြီး ဖြည်းဖြည်းချင်းချီတက်ကြရသည်။ ဘယ်လောက်ပဲ ဂရုတစိုက်နှင့် မိုင်းရှင်းသည်ဖြစ်စေ အန္တရာယ်ကား ရှိနေဆဲပင်ဖြစ်သည်။
------!!------!!--------!!---------!!-----------
၂၀၁၀ခုနှစ် ဆောင်းအကုန်နွေအကူးနေ့ရက်များထဲမှတစ်ရက်တွင် ဖြစ်သည်။စခန်းရှိစစ်သည်များ နွေဦးရဲ့
လေရူးပြေပြေလေးနဲ့အတူ ရိက္ခာပို့အဖွဲ့လာမည့် အချိန်ကို စောင့်မျှော်နေကြပေသည်။ရိက္ခာတွေအပြင် အစားအသောက်နှင့် အသုံးအဆောင် ပစ္စည်းတစ်ချို့ပါ ပါလာတော့မည်မို့ စိတ်လှူပ်ရှားနေကြသည်။
"ဒီတစ်ရက် နှစ်ရက်အတွင်းတော့ ထမင်းစားကောင်းဦးမယ် ဗိုလ်ကြီး..ရိက္ခာပို့အဖွဲ့နဲ့ ကျွန်တော် ငါးဒန်တွေမှာထားတယ်" ဟု ပြောပြီးနောက် ဆရာကြီးစိုးမောင်သည် ချက်ပြုတ်ရေးတဲရှိရာသို့ သွားလေသည်။
"ငါးဒန်ပါလာရင် မင်းမချက်နဲ့နော်.ငါကိုယ်တိုင် ဆီသေချာသတ်ပြီး စပါယ်ရှယ်ချက်ကျွေးမယ်ကွ" တပည့်တွေကို လက်ရာကောင်းကောင်း စားစေချင်သော ဆရာကြီးစိုးမောင်သည် တခါတလေ သူကိုယ်တိုင် ချက်ပြုတ်ကျွေးမွေးတတ်သည်။ယခုလည်း ရိက္ခာပို့အဖွဲ့နှင့်ပါလာမည့် ငါးဒန်ကို သူကိုယ်တိုင် ချက်ကျွေးမည်ဖြစ်ကြောင်း မှာကြားနေလေသည်။
"ဆရာကြီးက ပွိုင့်(၂၉၂၃)ကို လိုက်ပို့ရဦးမှာမလား" ချက်ပြုတ်ရေးတာဝန်ကျရဲဘော် ဖြစ်သူ အောင်ထွန်းက ပြန်မေးလိုက်ရာ ဆရာကြီးစိုးမောင်က
"မင်းပြောမှ ငါသတိရတယ်.ဟုတ်တယ်ကွ ညနေစာချက်ချိန်ကျော်လောက်မှ ငါတို့က ပြန်ရောက်လောက်မှာ..ဒါဆို မင်းပဲချက်လိုက်တော့ တပည့်ရေ. ဆီကို သေချာသတ်ပြီး နာနာလုံးချက်နော်.မဟုတ်ရင် စားမကောင်းဘူးကွ" ဟု စိတ်မချဟန်နှင့် မှာကြားလေသည်။
ဆယ်နာရီကျော်လောက်တွင် ရိက္ခာပို့အဖွဲ့ စခန်းသို့ရောက်လာခဲ့ပြီဖြစ်သည်။အထုပ်အပိုးများနှင့် တောင်တက် တောင်ဆင်း ခဲ့ရသောကြောင့် အားလုံးမှာ ပင်ပန်း၍ ချွေးများပင် ရွှဲနေပေသည်။
"ပါလာတဲ့ရိက္ခာတွေနဲ့အမယ်စုံတွေရယ်. စာနဲ့တခြား ပစ္စည်းတွေ စုံမစုံ စစ်ကြည့်ပါဦး ညီလေး. ညီလေးတပ်ရေးဗိုလ်ကြီး က စာတစ်စောင်နဲ့ပစ္စည်း စာရင်းလည်း ထည့်ပေးလိုက်သေးတယ်။ ရော့.ညီ"
စခန်းပေါ်ရောက်ရောက်ချင်း ထိုင်မနားသေးဘဲ ပစ္စည်းစုံ မစုံစစ်ဖို့ပြောလာတဲ့ စီနီယာအစ်ကို ကို အားတောင်နာမိသည်။ကျွန်တော်တို့စခန်းအတွက် ရိက္ခာနဲ့အမယ်စုံတွေကို သယ်လာပေးရသော်လည်း ညည်းညူဟန်မပြဘဲ ပစ္စည်းမစုံမှာ စိတ်ပူနေသည့်အတွက် ကျွန်တော်က
"ခရီးပန်းလာတာ ထိုင်နားပါဦးအစ်ကို. ကျွန်တော်သွားစစ်လိုက်ပါ့မယ်။လမ်းခရီးက ဝေးတော့ နည်းနည်းပါးပါးတော့ လျော့တာရှိနိုင်တာပေါ့ .ကြိုးစားသယ်လာပေးတာကိုပဲ ကျေးဇူးတင်လှပါပြီဗျာ"
လာပို့ရသည့် ခရီးက နည်းလှသည်မဟုတ်။မိုင်းအန္တရာယ်ကြောင့် လမ်းမသုံးဘဲ တောင်တက် တောင်ဆင်းတလျောက် ခက်ခက်ခဲခဲ လာခဲ့ရသည်မို့ နည်းနည်းပါးပါးတော့ အဖိတ်အစင် ရှိနိုင်သည် မဟုတ်လား။ ရဲဘော်ရဲဘက်စိတ်အပြည့်နှငိ့ အခုလို ဂရုတစိုက် သယ်လာပေးတာကို ကျေးဇူးတင်မဆုံးဖြစ်ရပေသည်။
"နားလည်ပေးတာကျေးဇူးပဲ ညီလေးရေ. အစ်ကိုတို့ ညီလေးတို့အထက်ဖက်က ပွိုင့်(၂၉၂၃ )စခန်းကို ခရီးဆက်ရဦးမယ်ညီလေး။ညီလေးတို့ဆီက နယ်မြေကျွမ်းကျင်တဲ့သူ ကို လမ်းပြအဖြစ် လိုက်ခဲ့စေချင်တယ်" ဟု စီနီယာအစ်ကို က အမောဖြေ ရေနွေးကြမ်းသောက်ရင်း ပြောလာသည်။လမ်းကင်းလုံခြုံရေးယူထားသော တပ်မ တပ်မှ ဖြစ်၍ နယ်မြေအနေအထားနှင့် စိမ်းနေကြပေသည်။ထို့ကြောင့်ပင် ကျွန်တော်တို့စခန်းမှ စစ်သည်အချို့ကို လမ်းပြအဖြစ်ကူညီပေးရန် တောင်းဆိုခြင်းဖြစ်သည်။
"အဲ့ဒီအတွက် ကျွန်တော်စီစဉ်ပြီးသွားပါပြီ။ အစ်ကိုကြီးတို့စစ်ကြောင်းနဲ့ လိုက်ဖို့ ညီလေးဆီက ဆရာကြီးတစ်ယောက်ဦးစီးပြီး ဆရာတစ်ယောက် ရဲဘော်နှစ်ယောက် ထည့်ပေးလိုက်ပါ့မယ်။အခုတော့ နေ့လည်စာ စားပါဦး အစ်ကိုကြီး"
နေ့လည်စာပြင်ပေးရင်း ကျွန်တော် ပြန်ဖြေလိုက်သည်။ခဏအကြာမှာပဲ...
"ကျွန်တော်တို့အဖွဲ့အသင့်ဖြစ်ပါပြီ ဗိုလ်ကြီး" ဆရာကြီးစိုးမောင်က သတင်းပို့လာခြင်းဖြစ်သည်။ဂရုတစိုက်သွားကြဖို့ မှာကြားချိန်မှာပင် ရိက္ခာပို့စစ်ကြောင်းသည်လည်း နေ့လည်စာစားပြီသွားကြပြီဖြစ်သည်။
နေ့လည်စာစားပြီးချိန်မှာတော့ ရိက္ခာပို့အဖွဲ့နှင့် ကျွန်တော့်စခန်းမှ လမ်းပြစစ်သည်များသည် ပွိုင့်( ၂၉၂၃) စခန်းသို့ ချီတက်သွားပြီဖြစ်သည်။
----------!!---------!!----------!!-----------!!
ညနေ (၄)နာရီခန့်လောက်တွင်ဖြစ်သည်။
ပွိုင့်(၂၉၂၃)ကို ရိက္ခာပို့သွားတဲ့စစ်ကြောင်း မိုင်းဖြစ်စဉ် ဖြစ်လို့တဲ့ ဗိုလ်ကြီး ... နှစ်ယောက်ထိသွားတယ် ပြောတယ်"
ပွိုင့်( ၂၉၂၃) စခန်းသို့ ရိက္ခာပို့ပြီး ပြန်လာသော စစ်ကြောင်းတွင် စစ်သည်နှစ်ယောက် မိုင်းထိကြောင်း စက်သမားမှ သတင်းပို့လာသည်။
"ဘယ်လိုဖြစ်ရတာလဲဗျာ.ကျွန်တော်တို့ စခန်းကရောပါသေးလားဗျ...မိုင်းထိလူနာထဲမှာ"
ရိက္ခာပို့စစ်ကြောင်းနှင့်အတူ ထည့်ပေးလိုက်သော လမ်းပြစစ်သည်များအတွက် ပူပန်စွာ ကျွန်တော် မေးလိုက်မိသည်။
"ကျွန်တော်တို့ဆီက ဆရာကြီးစိုးမောင် ထိသွားတယ် လို့ပြောတယ် ဗိုလ်ကြီး...ဒဏ်ရာက စိုးရိမ် ရတဲ့အခြေအနေလို့ရှိတယ်လို့လဲ ပြောပါတယ် ဗိုလ်ကြီး"
စက်သမားရဲ့သတင်းပို့သံအဆုံးမှာ ကျွန်တော် ဘာဆက်ပြောရမှန်းမသိအောင် ဖြစ်သွားသည်။ကျွန်တော်တင်မဟုတ် စခန်းတစ်ခုလုံးက စစ်သည်တွေလည်း စိုးရိမ်မှူအပြည့်နှင့် စက်တဲနားမှာ ရှိနေကြပေသည်။
"စက်တက် တိုင်း ထူးခြားမှူကို ကျွန်တော့်ဆီကို မပြတ်သတင်းပို့ပါ။ဆေးရုံကို ကျွန်တော်ဆီက လူနာပို့ လိုက်ချင်လိုက်ရလိမ့်မယ်။ အဲ့ဒီအတွက် ဆရာကြီး မျိုးထွန်း ကပြင်ဆင်ထားပါ"
ကျွန်တော်ရဲ့ အမိန့်ပေးသံအဆုံးမှာ ဒုအရာခံဗိုလ်မျိုးထွန်းသည် ကျွန်တော့်အား ပြန်လည်အလေးပြု၍ စီစဉ်စရာရှိသည်များ စီစဉ်ရန် ထွက်သွားလေပြီဖြစ်သည်။
အချိန်ကား ကုန်နိုင်ခဲလှသည်။ မိုင်းထိလူနာ အကြောင်းကို စိုးရိမ်ရသည်ဟု သိထားသည်မှအပ တိတိကျကျ မသိရသေးပေ။ ညာဘက် ခြေထောက်ကို ထိသွားတဲ့အပြင် မျက်လုံးကိုပါ ထိသွားကြောင်း နှင့် ဆီးခုံ နဲ့ ရင်ဘတ်တွေမှာ မိုင်းစ မိုင်းန အချို့ထိထားကြောင်းသာ သိရသေးသည်။
ညနေ ၆နာရီခန့်တွင် ရိက္ခာပို့စစ်ကြောင်းသည် စခန်းသို့ ရောက်လာခဲ့သည်။ကျွန်တော့်ဆီမှ လမ်းပြအဖြစ်လိုက်သွားသော ဆရာဝင်းသိန်း နှင့် ရဲဘော်နှစ်ဦးကို မျက်နှာမကောင်းစွာနှင့် တွေ့ရသည်။ကျွန်တော် ဘာမှမပြောရသေးခင်မှာပင် ဆရာဝင်းသိန်းက
"ဗိုလ်ကြီး ဆရာကြီးစိုးမောင် ဆုံးပြီ.." ဟု ဝမ်းနည်းသံဖြင့် ရှိုက်ကြီးတငင် ပြောဆိုပေသည်။
"သောင်းကျန်းသူတွေ ထပ်ဆင့်မိုင်းထောင် တတ်တာကိုသိတဲ့ ဆရာကြီးက ကျန်တဲ့စစ်သည်တွေကို နောက်ဆုတ်ခိုင်းပြီး သူကိုယ်တိုင် လူနာကို မိုင်းထိနေရာကနေ ဆွဲထုတ်တာ. အဲဒီမှာ သူပါ ထပ်ထိတော့တာပါပဲ ဗိုလ်ကြီး.."
ဆရာဝင်းသိန်းရဲ့ စကားသံများမှာ ကျွန်တော့နားထဲတွင် မကြားတစ်ချက် ကြားတစ်ချက်ဖြစ်နေသည်။အဖြစ်အပျက်တို့သည် အမှန်တကယ် ဖြစ်နေသည်ဟု ကျွန်တော်မယုံကြည်နိုင်သေး။ဆရာကြီး စိုးမောင် အသက်ရှိနေသေးသည်လို့သာ စိတ်မှာ ထင်နေမိသည်။
လူနာပုခက် ရှေ့သို့ရောက်လာသောအခါ ဆရာကြီးစိုးမောင်ရဲ့ မျက်စိတစ်ဖက်မှ သွေးတို့သည် ယိုစီးနေသည်။မျက်စိမှ ကျသော သွေးတို့သည် ရင်ဘတ်တစ်ခုလုံး ပေါ်သို့ကျလေရာ ရင်ဘတ်တစ်ခုလုံး သွေးတို့ဖြင့် နီရဲနေသည်။ညာဘက်ခြေထောက် အောက်ဖက်နားက ဘောင်းဘီစသည် သွေးရည် စိမ်ထားဘိသည့်အလား စိုရွှဲနေသည်။ ဆီးခုံကို ထိသွားသည်မို့ အသက်ပါပျောက်သွာကြောင်း ရိက္ခာပို့စစ်ကြောင်းမှ ဆေးတပ်သားက ရှင်းပြနေပေသည်။
"စထိတာက ကိုယ့်ဆီက ရဲဘော်လေးကို စထိတာ... ဆရာကြီးက မိုင်းထိလူနာနားကို တခြားရဲဘော်တွေအကပ်မခံဘဲ သူကိုယ်တိုင် မိုင်းရှင်းပြီး လူနာကိုသွားအဆွဲမှာ ထပ်ထိတာပဲ ညီလေး.."
"ကိုယ် တကယ်ကို စိတ်မကောင်းပါဘူး..ဒါပေမဲ့ ဆရာကြီးကသာ အတွေ့အကြုံရှိရှိနဲ့ သတိမပေးခဲ့ရင် ထပ်ဆင့်မိုင်းထောင်တတ်တာ ကို သတိမမူဘဲ လူနာကိုဝိုင်းဆွဲကြရင် နှစ်ယောက် သုံးယောက်လောက် ထပ်ထိနိုင်တယ် ညီလေး.."
"ဟုတ်တယ် ဗိုလ်ကြီး..ဆရာကြီးက တခြားရဲဘော်တွေထိခိုက်မှာစိုးလို့ သူကိုယ်တိုင်လူနာသွားဆွဲခဲ့တာ. မမျော်လင့်ဘဲ သူပါ
ထပ်ထိသွားတယ်' ဆရာဝင်းသိန်းက တုန်ရီသော အသံဖြင့် ကြေကွဲစွာ ပြောလာပေသည်။
စိတ်မကောင်းပေမဲ့လည်း ကိုယ့်ဆီမှာ မိုင်းထိလူနာ ပါသေးလို့ ကိုယ်တို့ဆက်ထွက်ရမယ်ညီလေး..ဆရာကြီးကိုတော့
ညတွင်းချင်းပဲ မြေမြှုပ်ပစ်ပါ။ တောထဲမှာဆိုတော့ သန်းခေါင်ကျော် အောင် မထားတာ အကောင်းဆုံးပဲညီလေး"ဟု ပြောပြီး ရိက္ခာပို့စစ်ကြောင်းသည် ဆက်ထွက်ရန် ပြင်ဆင်နေပြီဖြစ်သည်။
စီနီယာအစ်ကိုရဲ့စကားအဆုံးမှာ လူနာအလောင်းကို မြေမြှုပ်ဖို့စီစဉ်ရသည်။အလောင်းမှ သွေးများကို သန့်စင်ပြီး ခါးပတ်နှင့် ဖိနပ်များ ချွတ်ပေးလိုက်သည်။အလောင်းအား သန့်စင်ပြီး နောက် မြေမြှပ်မည့်နေရာသို့ ပုခက်ဖြင့် ထမ်းသွားလိုက်ကြပေသည်။
စခန်းဘေးမှ မြေကျင်းတူးသံခပ်သဲ့သဲ့ကို ကြားနေရသည်။ကျွန်တော်သည် အမိန့်ပြန်စာ ကို စားပွဲပေါ်တွင် ရေးနေစဉ် မျက်ရည်တို့ဝေ့ဝဲလာသည်။ ရင်ထဲမှာ စို့နင့်စွာရေးနေသည်မို့ လက်တို့သည် အနည်းငယ်တုန်ရီနေပေသည်။ မမှားအောင် ဂရုတစိုက်ရေးရင်းကပင် ကျွန်တော်အတွေးတချို့တွင် ဆရာကြီးစိုးမောင် ရှိစဉ်က ပြောခဲ့သော စကားများပြန်ကြားယောင်လာ၍ အာရုံကို မနည်းပြန်စုစည်းနေရပေသည်။
အတူနေခဲ့သည့်သံယောဇဉ်တို့သည် အလွယ်တကူပြတ်၍ မသွားချေ။သာသည်ဖြစ်စေ နာသည်ဖြစ်စေ သစ္စာမပျက်ဘဲ အတူတူ ရုန်းကန်ခဲ့ကြသည့် အဖြစ်အပျက်များ အာရုံတွင် ပေါ်လာသောအခါ နှလုံးသားတို့သည် နာကျင်ရပေသည်။
......!!......!!.........!!.......!!.......
စခန်းဘေး ခြံစည်းရိုးနားရှိ မီးရောင်ပြပြအောက်ဝယ် လူတစ်စုသည် ငြိမ်သက်စွာလှဲလျောင်းနေသော အလောင်းတစ်ခုအား အလေးပြုနေကြသည်။ငိုရှိုက်သံတို့ထွက်မလာသော်လည်း သူတို့ရဲ့ ရင်ထဲမှာ စို့နင့်ကြေကွဲနေကြပေသည်။နေ့ခင်းက ပြုံးရွှင်စွာရှိနေသော ခန္ဓာတစ်ခုသည် အခုချိန်မှာ အသက်မရှိတော့ပေ။အဖြစ်အပျက်တို့သည်ကား မြန်ဆန်လွန်းပေစွ။တိုင်းပြည်ကာကွယ်ရေးတာဝန်ထမ်းဆောင်ရင်း သက်တမ်းတိုတိုဖြင့် ကြွေလွင့်သွားရသော ဘဝတစ်ခု၏ နေဝင်ချိန်ကား နာကျင်မှူတို့ဖြင့် ကုန်ဆုံးခဲ့ပေလိမ့်မည်။ဘဝဟူသည် မမြဲသော သဘောတရားရှိသည်မှန်သော်လည်း မငြိမ်းချမ်းသော တိုင်းပြည်တစ်ခုတွင်တော့ လူ့သက်တမ်းတိုတိုဖြင့် ကြွေလွင့်ရသော ဘဝပေါင်းများစွာရှိနေပေဦးမည်။သွေးစွန်းသော နေ့ရက်အချို့ကိုလည်း ဖြတ်သန်းရပေဦးလိမ့်မည်ဖြစ်သည်။
ပြည်သူတို့ရဲ့ လုံခြုံရေးအတွက် မြေခပေးခဲ့ရသော ကြယ်စင်တစ်ပွင့်သည် အလေးပြုနေသော ကျွန်တော်တို့အား တစ်နေရာမှနေပြီး ပြုံး၍ကြည့်နေမလား..ဒါမှမဟုတ် သူ့မိသားစု ရှိရာဆီသို့ပဲ ပျံသန်းသွားလေပြီလား .....
ကြွေလွင့်သွားတဲ့ကြယ်စင်ပွင့်ရဲ့ မိသားစုတွေလည်း အခုဆိုသိလောက်ပြီပေါ့...ခိုကိုးရာမဲ့သွားသော မုဆိုးမတစ်ယောက်ရဲ့ ရင်တွင်းမှာ တိမ်တိုက်တွေပြိုကျသော ကောင်းကင်းတစ်ခုလိုများ ဖြစ်နေမလား...အဖေကို ဘယ်တော့မှ ပြန်တွေ့ခွင့်မရနိုင်တော့တာကို မသိနိုင်သေးတဲ့ ကလေးငယ်လေးဟာ သူ့အဖေရဲ့ အနမ်းဖွဖွတွေကို တမ်းတနေမလား.....ဒါမှမဟုတ် ဂုဏ်ယူမှူတွေရောပြွမ်းနေတဲ့ အပြုံးတွေပဲ ပြုံးနေကြမလား....ကျွန်တော်အနေဖြင့် သေချာမသိနိုင်....
သေချာသည်ကား မငြိမ်းချမ်းမှူတွေရှိနေသမျှ သွေးစွန်းသောနေ့ရက်အချို့တွင် ကြယ်စင်အချို့ မြေခပေးနေရဦးတော့မည်သာ ဖြစ်ပေတော့သည်။

(ဖာပွန်ဒေသ တစ်နေရာတွင် နယ်မြေလုံခြုံရေးတာဝန် ထမ်းဆောင်ရင်း ကျဆုံးသွားသော တပ်ကြပ်ကြီးစိုးမောင် အား ဂုဏ်ယူသတိရလျက်)



ပြည်ငြိမ်းသွင်









အပြည့်အစုံသို့ >>

စစ်တက္ကသိုလ်အာစရိယပူဇော်ပွဲ




ဒီကနေ့မနက်ရန်ကုန်မြို့၊တပ်မတော်ခန်းမမှာကျင်းပပြုလုပ်ခဲ့တဲ့ စစ်တက္ကသိုလ် ဗိုလ်လောင်းသင်တန်း
အမှတ်စဉ်(၁၄)အပါအ၀င်သင်တန်း(၆)ခုပေါင်းရဲ့ စုပေါင်း အာစရိယပူဇော်ပွဲကိုတက်ရောက်ခဲ့တယ်။


ဘုရား၊ တရား၊ သံဃာ၊ ဆရာ၊မိဘ-အစရှိတဲ့ အနန္တောအနန္တ ဂိုဃ်းဝင်ကျေးဇူးရှင် ဆရာ/ဆရာမများ စုံညီစွာကိုတွေ့မြင်ရတဲ့အတွက်ဝမ်းမြောက်ခြင်းနဲ့အတူမင်္ဂလာ ရှိလှပါဘိ။

အမေကမွေး၊ တပ်ကကျွေးဆိုသော်ငြား ဒုတိယအရွယ်မှာတိုင်းပြည်နဲ့လူမျိုးကို ချစ်တဲ့စိတ်မွေးတတ်ဖို့၊ အချုပ်အချာအာဏာ/နယ်မြေတည်တန့်မှုကို ထိန်းသိမ်း ကာကွယ်တတ်ဘို့-စတဲ့ စစ်ရေး၊ နိုင်ငံရေး၊ တက္ကသိုလ်ပညာရပ်တွေသင်ကြားပေး ခဲ့တာက ဒီဆရာ/ဆရာမတွေဘဲပေါ့။

သင်ကြားရေးဆရာ/ဆရာမတွေထဲမှာ စစ်ဖက်၊ အရပ်ဖက်ကဆရာ/ဆရာမတွေပါဝင် သလို နည်းပြတွေထဲမှာလည်း တိုင်းရင်းသားမျိုးစုံ ရဲဘော်၊ အကြပ်နဲ့အရာခံဗိုလ်ကြီး
တွေ-စတဲ့အဆင့်မျိုးစုံပါဝင်ခဲ့ပါတယ်။

ကမ္ဘာပေါ်မှာမိမိကိုပညာသင်ကြားပေးခဲ့တဲ့ဆရာသမားတွေရဲ့ဂုဏ်ကျေးဇူးကိုပြန်
လည်တုန့်ပြန်အောက်မေ့/ ဂါရ၀ပြု/ပူဇော်ကန်တော့တတ်တဲ့တပ်မတော်မျိုး ကျနော် တို့တစ်ခုဘဲရှိလိမ့်မယ်ထင်ပါတယ်။ ဒါဟာဝိသေသတမျိုးဖြစ်သလို ဂုဏ်ယူဘွယ် အင်္ဂါရပ်တခုပါဘဲ။

ထူးခြားတာပြောရရင် ဒီမနက်ကျနော်တာဝန်ယူကန်တော့ခဲ့ရတဲ့ ဆရာက ကချင်လူ မျိး၊ ခရစ်ယာန်ဘာသာဝင်၊ အသက်က ၈၀ နားကပ်။ သူကို လက်အုပ်ချီကာ ဦး(၃) ကြိမ်ကန်တော့တဲ့အခါ သူကပြန်ပြီး သာဓု ၃ ကြိမ်ခေါ်ဆိုပေးတယ်။

တခါ-ကျနော်ကဆက်ပြီး “Merry Christmas & Happy New Year Sir” -ဆို
တော့ သူက “အေး-Merry Christmas, same to you” တဲ့။ “ဆရာ့ဇနီး မာမီ့ကို လည်းနှုတ်ဆက်တယ်ပြောလိုက်ပါနော်” ဆိုတော့ “အင်း-ပါ”တဲ့။

ပြီးမှ ကျနော့်မျက်နှာကိုသေချာအောင်ပြူးကြည့်ရင်းဆက်ပြောတယ်-

“ဟေ့ကောင်၊ မင်း အနော်ရထာက လေးလွင်မို့လား၊ မင်းနေကောင်းအောင်လုပ် အုန်း၊ ငါ Facebook မှာ မင်းနေမကောင်းဘူးလို့တွေ့လိုက်မိတယ်၊ ဒို့-မင်းအ တွက်စိတ်ပူနေရတယ်-ကွ”-တဲ့လေ။ ကိုင်း-မှတ်ကရော။

ပြောသာပြောနေတာ၊ သူက ခုံ ပေါ်မှာ တချိန်လုံးမလှုပ်မယှက်။ မတ်တပ် မရပ်နိုင်တော့လို့ လက်ထဲမလဲ ဒုတ်ကောက်ကြီးနဲ့။ မျက်စိကလည်းသဲကွဲစွာ မြင်ရတဲ့ ပုံမပေါ်။ မျက်မှန်ချွတ်ပြီး သုတ်လိုက်၊တပ်လိုက်။

အော်-ဆရာတွေ၊ ဆရာတွေ။ နောက်ဆုံးတောလည့်း ဆရာဟာ တသက်လုံး ကိုယ့်ဆရာ ပါဘဲဗျာ။

ဆရာ/ဆရာမအားလုံး ကိုယ်စိတ်နှစ်ဖြာကျမ္မာချမ်းသာကြပါစေလေ။

(လေးစားစွာဖြင့် - လေးလွင်)
အပြည့်အစုံသို့ >>

မူလတန်းအောင်မှ တပ်သားသစ်အဖြစ် လက်ခံမည်



Byအောင်သူရ

တပ်သားသစ်စုဆောင်းရာတွင် ယခင်က ပညာအရည်အချင်း သတ်သတ်မှတ်မှတ်မရှိခဲ့ပေ (ဓာတ်ပုံ − အေအက်ဖ်ပီ)


အရည်အချင်းပြည့်မီ သော တပ်မတော်ဖြစ်လာစေရေး မြန်မာ့တပ်မတော်တွင် အသက် (၁၈)နှစ်ပြည့်ပြီး အနိမ့်ဆုံး အခြေခံပညာ မူလတန်းအဆင့် အောင်မြင်သူများကိုသာ တပ် သားသစ်အဖြစ် လက်ခံမည်ဖြစ် ကြောင်း သတင်းရရှိသည်။

ယခင်က မြန်မာ့တပ်မတော် တွင် တပ်သားအဖြစ် ၀င်ရောက် လိုပါက ပညာအရည်အချင်းသတ် မှတ်ချက်မထားဘဲရေးတတ်၊ ဖတ် တတ်ရုံဖြင့် ၀င်ရောက်နိုင်ခဲ့သည်။

ထို့အပြင် တပ်မတော်သို့ဝင် ရောက်မည့်သူများအနေဖြင့် နိုင်ငံ သားစိစစ်ရေးကတ်၊ ကျောင်း ထွက်လက်မှတ်(မူရင်း)၊ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူး၏အကျင့် စာရိတ္တ ကောင်းမွန်ကြောင်း ထောက်ခံချက်၊ သက်ဆိုင်ရာမြို့နယ် ရဲစခန်း၏ ပြစ်မှုကင်းရှင်းကြောင်း ထောက်ခံချက်နှင့်အိမ်ထောင်စုစာရင်းတို့ပါရှိရမည်ဟု တွဲဖက်စစ်ရေးချုပ်ဗိုလ်မှူးကြီးသန်းဦးက ပြောသည်။

‘‘ကလေးစစ်သားကိစ္စနဲ့ပတ်သက်လို့ (၁၈)နှစ်ပြည့်တယ်၊ မပြည့်ဘူးဆိုတာ ကျောင်းထွက်လက်မှတ်ကို ကြည့်တာနဲ့ အငြင်းပွားစရာမလိုတော့ဘူး’’ဟု ဗိုလ်မှူးကြီးသန်းဦးက ပြောသည်။

‘‘တပ်မတော်သားဆိုတာ ပညာတတ်လေကောင်းလေပဲ။ ထမင်းငတ်လို့ စစ်ထဲဝင်တာတို့၊ အလုပ်မရှိလို့ စစ်ထဲဝင်တာဆို မကောင်းဘူး’’ဟု ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ ဒေါက်တာနိုင်အောင်ကဆိုသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တပ်မတော်ကာကွယ်ရေးဦး စီးချုပ်ဖြစ်လာပြီးနောက်ပိုင်း တပ်မတော်အတွင်းရှိ ကလေးစစ်သားများကို မိဘများထံသို့ ပြန်လည်အပ်နှံခဲ့သည်။

ထို့အပြင် ပြီးခဲ့သည့်နှစ်မှစ၍ မြန်မာ့တပ်မတော်တွင် အမျိုးသမီးများအား စတင်ခန့်အပ်ခဲ့သည်။ လက်ရှိ မြန်မာ့တပ်မတော်တွင် စုစုပေါင်းစစ်သည်အင်အား ငါးသိန်းခန့်ရှိသည်။
အပြည့်အစုံသို့ >>

ခွင့်သာခိုက်မှ TNLA မလိုက်ချင်လျှင်



20.12.2014

နှစ်ပေါင်း(၆၀)ကျော်ကြာမြင့်ခဲ့သော ပြည်တွင်းစစ်ကို အဆုံးသတ်ရန် တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းခြင်းဖြင့် ငြိမ်းချမ်းရေးခရီးလမ်းသစ်ကို စတင်ဖောက်ထွင်းလျှောက် လှမ်းနေကြပြီ ဖြစ်ပါသည်။ ဒီမိုကရေစီနိုင်ငံတစ်ခုမှာ မရှိမဖြစ်လိုအပ်နေသောပြည်တွင်းငြိမ်းချမ်း
ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများက အားတက်ဖွယ်ရာပင် ဖြစ်ပါသည်။ မပြေလည်မှုများကို ညှိနှိုင်းအဖြေရှာကြရင်း အကောင်းဆုံးအဖြေတစ်ခုဆီ မကြာမီ ရရှိခံစားရတော့ မည် ဖြစ်ပါသည်။

တစ်နိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူလက်မှတ်ရေးထိုးနိုင်မှုသည် ငြိမ်းချမ်းရေး၏ အခြေခံအုတ်မြစ် လည်းဖြစ်ပါသည်။ ထိုအပစ်ရပ်နိုင်မှုမှတစ်ဆင့် အစိုးရ၊ တိုင်းရင်းသားလက်နက်ကိုင်
အဖွဲ့များ၊ နိုင်ငံရေးပါတီ များပါဝင်သော နိုင်ငံရေးဆွေးနွေးပွဲများဆီ တက်လှမ်းရမည်ဖြစ်ပါသည်။ သို့ဖြစ်၍ ထိုအပစ်ရပ်ဆွေးနွေးပွဲကို အဓိကဦးဆောင်နေသော တိုင်းရင်းသားလက်နက်ကိုင်များဘက်မှ NCCT အဖွဲ့တွင် ပါဝင်နေသော်လည်း အစိုးရ နှင့် အပစ်ရပ်လက်မှတ်မထိုးနိုင်သေးသော အဖွဲ့နှစ်ဖွဲ့လည်း ပါဝင်လျက်ရှိသည်။ ကချင်လွတ်မြောက် ရေး တပ်မတော်(KIA)အဖွဲ့နှင့် တအာန်းအမျိုးသားလွတ်မြောက်
ရေးတပ်မတော်(TNLA)အဖွဲ့တို့ ဖြစ်ကြသည်။ထိုအဖွဲ့နှစ်ဖွဲ့အနက် TNLA အဖွဲ့ကို အဓိကထားပြီး ပြောစရာဖြစ်လာပါသည်။

TNLA အဖွဲ့ထံသို့ အစိုးရဘက်မှ အပစ်အခတ်ရပ်စဲရေးသဘောတူလက်မှတ်ရေးထိုးရန် ကမ်းလှမ်းမှုများ ပြုလုပ်ခဲ့သည်။ သို့သော် TNLA ဘက်မှ အကြောင်းပြချက်အချို့သုံးပြီး ယနေ့အချိန်ထိ အစိုးရနှင့် သဘောတူလက်မှတ်မရေးထိုးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ သို့ဆိုလျှင် TNLA အနေဖြင့် အများက ထောက်ပြဝေဖန်ပြောဆိုနေသလို KIA အဖွဲ့၏ လက်အောက်ခံတပ်ဖွဲ့တစ်ဖွဲ့အဖြစ် သြဇာခံနေပြီလား၊ သို့မဟုတ် သင်းကွဲငှက်အဖြစ် တစ်ဖွဲ့တည်းကွဲနေ သလားဆိုသည့် မေးခွန်းကို အဖြေထုတ်ကြည့်ရတော့မည် ဖြစ်ပါသည်။

TNLA အဖွဲ့၏ နောက်ကြောင်းသမိုင်းကို လေ့လာကြည့်လိုက်ရာ ၎င်းအဖွဲ့ဆိုတာ ယခင်အစိုးရလက်ထက် ကတည်းက ငြိမ်းချမ်းရေးရရှိခဲ့ပြီး ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဖြစ် ရတည်တည်ခဲ့ခြင်းဖြစ်သလို TNLA ဟူသော နာမည်မှာလည်း ပလောင်ဒေသမှာ ပျောက်ကွယ်သွားခဲ့တာ ကြာခဲ့ပြီဖြစ်ပါသည်။ ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမိုးညဲမြို့နယ်တို့တွင် ပလောင်တိုင်းရင်းသားများ နေထိုင် လျက်ရှိသလို တည်ငြိမ်အေးချမ်းသော လူနေမှုဘ၀ကိုလည်း အတိုင်းအတာတစ်ခုအထိ ရရှိခံစားနေကြရပြီ ဖြစ်ပါသည်။ သို့ဆိုလျှင် TNLA ဘယ်ကနေ ပြန်ပေါ်လာသလဲ မေးခွန်းထုတ်စရာဖြစ်ပါသည်။

TNLA တပ်ဖွဲ့ဝင်ဟောင်းတစ်ဦး၏ ပြောစကားအရ TNLA အဖွဲ့ဆိုတာ အမည်ခံဖြစ်ပြီး အင်အားလည်းမရှိသလို နိုင်ငံရေးရည်မှန်းချက်လည်း ဘာမှမရှိသော သင်းကွဲအဖွဲ့တစ်ဖွဲ့သာဖြစ်ကြောင်း သိရှိရပါသည်။ ပလောင်ဒေသ မှာ လှုပ်ရှားနေသော TNLA အဖွဲ့တွင် အင်အား(၁၀၀)ခန့်သာရှိသည်ဟု သိရပြီး တိုက်ပွဲများဖြစ်အောင် ဖန်တီး နေခြင်းကတော့ KIA အဖွဲ့၏ လက်ချက်ဟုဆိုကြပါသည်။ အမှန်တကယ်တွင် TNLA အဖွဲ့သည် မူလအဖွဲ့ မဟုတ်တော့ဘဲ KIA အဖွဲ့ထဲသို့ ၀င်ရောက်သွားသော ပလောင်တိုင်းရင်းသားများအား KIA မှ စေခိုင်းမှုကြောင့် ခြေဦးလှည့်လာသော အဖွဲ့လေးတစ်ဖွဲ့ ဖြစ်ပါသည်။ KIA အဖွဲ့၏ ထားရာနေစေရာသွားဘ၀နဲ့ ပလောင် တိုင်းရင်းသားများကို အသုံးချနေသော TNLA အဖွဲ့အဖြစ် ဒေသခံများကလည်း ရှုမြင်နေကြပြီ ဖြစ်ပါသည်။

အစိုးရတပ်များနှင့် TNLA အဖွဲ့တို့ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ယခုရက်ပိုင်းအတွင်း တိုက်ပွဲများပြန်လည် ဖြစ်ပွားလာမှုကြောင့် ဒေသခံပလောင်တိုင်းရင်းသားများ စစ်ပြေးဒုက္ခ သည်ဘ၀ရောက်ခဲ့ကြရသည်။ နမ့်ခမ်းမြို့ပေါ် ပလောင်ပါတီရုံးနှင့် လက်ဖက်ခြောက်ပွဲရုံအဟောင်းတွင် စစ်ဘေးရှောင် ပလောင်ပြည်သူ ၈၀၀ ကျော် ၁၀၀၀ နီးပါး ရှိနေခြင်းက တိုက်ပွဲ၏ နောက်ဆက်တွဲ ဆိုးကျိုးပင် ဖြစ်ပါသည်။ ပလောင်တိုင်းရင်းသား များက ကိုယ့်တိုင်းရင်းသား ကိုယ့်လက်နက်ကိုင် TNLA အဖွဲ့ကို အားမကိုးရ သည့်အပြင် ဒုက္ခကိုပါ သယ်ဆောင်လာတာကြောင့် အိုးအိမ်ရပ်ရွာစွန့်ခွာရခြင်းဖြစ်ပါသည်။

အချုပ်ဆိုရလျှင် TNLA အဖွဲ့အနေဖြင့် အခြားတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကဲ့သို့ ဗဟိုဌာနချုပ်မရှိ၊ လူ/လက်နက် အင်အားလည်း ရာဂဏန်းမျှသာရှိသည့်အတွက် အမည်ခံသင်းကွဲအဖွဲ့အဖြစ် သတ်မှတ်ခံနေရပြီ ဖြစ်ပါသည်။ KIA အဖွဲ့၏ လက်အောက်ခံတပ်ဖွဲ့တစ်ဖွဲ့အဖြစ် ထားရာနေစေရာသွား လုပ်နေတာမှန်ခဲ့လျှင် လည်း ပလောင်တိုင်းရင်းသားများ၏ အကျိုးကို စဉ်းစားပေးသင့်ပါသည်။ ယခုအချိန် အစိုးရ၏ ငြိမ်းချမ်းရေး ကမ်းလှမ်းမှုများကို အခွင့်အခါနှင့် လျော်ညီစွာ သဘောတူညီလက်မှတ်ရေးထိုးရန် အကောင်းဆုံး အချိန်ဖြစ်ပါ သည်။ ကိုယ့်လူမျိုး ကိုယ့်ဒေသကို ကာကွယ်ရန် TNLA အနေဖြင့် KIA လက်အောက်ခံဘ၀က ရုန်းထွက်ချိန်တန်ပြီသလို သင်းကွဲအဖြစ် ဆက်လက် ရပ်တည်မသင့်တော့ပါကြောင်း ရေးသားလိုက်ရပါသည်။

မိုင်းအိုက်ကျော်ရွှေ






အပြည့်အစုံသို့ >>

ကမ္ဘာ့အကောင်းဆုံး တိုက်တိုင်းအောင်လေတပ် (သို့မဟုတ်)Israeli Airforce-IAF


-၆ရက်ကြာစစ်ပွဲ(၁၉၆၇ခုနှစ်)

နိုင်ငံလေးနိုင်ငံ၏ လေတပ်လေးခုနှင့် ယှဉ်ပြိုင် တိုက်ခိုက်ခဲ့သည်။တစ်ရက်အတွင်း လေယာဉ် အစီးလေးရာကျော် ဖျက်စီးနိုင်ခဲ့သည်။၃နာရီအတွင်း စစ်မက်ဖြစ်ပွားသော နိုင်ငံများမှ လေတပ်များ မည်သည့် တုံ့ပြန်မူမှ မရှိတော့လောက်အောင် လေကြောင်းစိုးမိုးမူ အပြည့်အဝ ရယူပေးနိုင်ခဲ့သည်။


-ယွန်ကစ်ပူးစစ်ပွဲ(၁၉၇၃ခုနှစ်)

ဆီးရီးယားနိုင်ငံမြို့တော် ဒမစ္စကတ်ရှိ ဆီးရီးယားတပ်မတော် စစ်ဌာနချုပ်ကို တိုက်ခိုက် ဖျက်စီးနိုင်ခဲ့သည်။အီဂျစ် သံချပ်ကာ တပ်မကြီးများ ဆက်လက် စစ်မချီတက်နိုင်အောင် စူးအက်တူးမြောင်း တံတားကို ဖျက်ဆီးနိုင်ခဲ့သည်။ထိုစစ်ပွဲတွင် အစ္စရေးလေတပ်မှ လေယာဉ် အစီးပေါင်း ၄၅၀ကျော် ဖျက်စီးနိုင်ခဲ့သည်။

-အီရတ်နှူကလီးယားစက်ရုံ တိုက်ခိုက်မူ(၁၉၈၁ခုနှစ်)

၁၉၈၁ခုနှစ်တွင် အီရတ်နိုင်ငံ ဆာဒမ်ဟူစိန်၏ နှူကလီးယားစီမံကိန်းကို မော့ဆက်မှ သိရှိခဲ့ပြီး F-16တိုက်လေယာဉ်မျာဖြင့် ထိုစီမံကိန်းကို လက်လွှတ်ရသည်အထိ ဖြစ်အောင် လုံးဝဖျက်စီးနိုင်ခဲ့သည်။ထိုလေကြောင်း စစ်ဆင်ရေးသည် ကမ္ဘာ့ပထမဆုံးနှင့် တစ်ခုတည်းသော နှူကလီးယားစက်ရုံကို တိုက်ခိုက်သော စစ်ဆင်ရေးဖြစ်သည်။

Peace for Galilee(၁၉၈၂ ခုနှစ်)

-ဆီးရီးယားလေတပ်မှ လေယာဉ်အစီးပေါင်း တစ်ရာကျော်ကို ပစ်ချ ဖျက်စီးနိုင်ခဲ့ပြီး မြေပြင်မှ ဝေဟင်ပစ် ဒုံးစခန်းပေါင်း ၁၉ခု တာဝေးရေဒါ သုံးခုတို့ကို ဖျက်စီးနိုင်ခဲ့သည်။ထိုစစ်ဆင်ရေးတွင် အစ္စရေးလေတပ်မှ အထိအခိုက် အကျအဆုံး တစ်ခုမှ မရှိခဲ့ပေ။

Sky(၁၉.၁၂.၂၀၁၄)



အပြည့်အစုံသို့ >>

KIA ကြောင့် ရှမ်းနဲ့ ကချင်ကြား အမုန်းမပွားစေချင်ပါ



ဒီဇင်ဘာ ၂၀ ရက်၊ ၂၀၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ ဆုတောင်းပြည့်ဘုရားရင်ပြင်တော်တွင် ဇန်န၀ါရီ ၃ ရက်နေ့တွင် KIA ဖမ်းဆီး ရှမ်း လူငယ်များလွတ်မြောက်ရေး ဆုတောင်းပွဲပြုလုပ်မည်ဖြစ်ေ

ကြာင်းသိရပါသည်။ ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ (မြန်မာပြည် မြောက်ပိုင်း)မှ ဦးစီးကျင်းပပြုလုပ်မည်ဖြစ်ပြီး ဖမ်းဆီးခံလူငယ်များ၏ မိဘများနှင့် ဒေသခံများလည်း တက်ရောက်ကြမည် ဖြစ်သည်။

KIA အဖွဲ့ ဖမ်းဆီးထားသော ရှမ်းနီလူငယ် ၂၈၀ ခန့် ရှိသည်ဟု ပြောဆိုခြင်းအပေါ် KIO နည်းပညာ အထောက်အကူပြု အဖွဲ့က ချဲ့ကားပြောဆိုခြင်းဖြစ်သည်ဟု တုန့်ပြန်လိုက်ကြောင်းသိရသည်။ သို့ဆိုလျှင် ရှမ်းနှင့် ကချင်တိုင်းရင်းသား များအကြား အမုန်းတရားပိုမိုကြီးထွားလာတော့မည့်အရိပ်အရောင်များ ထင်ဟပ်နေ သည်။ တကယ်အဖမ်းခံထားရသော မိဘများကို ကိုယ်ချင်းစာနာစိတ်ဖြင့် အမြန်ဆုံးလွတ်မြောက်ပါစေဟုလည်း ဆုတောင်းပေးနေမိပါသည်။

ရှမ်းမျိုးနွယ်စုရေးရာအဖွဲ့ကတော့ ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသား၊ တိုင်းရင်းသူများ၏ အမည်အရင်းကို Online ပေါ် တွင် တရားဝင်ဖြန့်ခဲ့ပြီးဖြစ်သလို နိုင်ငံတော်သမ္မတ၊ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံ ဆိုင်ရာအထူး အကြံပေးပုဂ္ဂိုလ် မစ္စတာ ပီဂျေးနမ်ဘီးယား၊ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စယန်းဟီးလီးနှင့် အမေရိကန်သံရုံးမှ လူ့ အခွင့်အရေးအရာရှိ ဒုတိယအတွင်းဝန် Mr. Thu Huynh Thi Nyuyen တို့အား KIA ဖမ်းဆီးခံရှမ်းတိုင်းရင်းသားများ ပြန်လည်လွတ်မြောက်စေရေး တိုင်ကြားစာများပေးပို့ခဲ့ကြောင်း သိရသည်။

KIO ရဲ့အဖွဲ့အစည်းထဲမှာ ရှမ်းလူမျိုး၊ ရှမ်းနီတွေရဲ့ ပမာဏက လက်ချိုးရေတွက်လို့ရတယ်။ သူတို့ ပြော သလောက်လည်း မဟုတ်ပါဘူး။ စစ်သားမစုဆောင်းရဘူးလို့ ကျွန်တော်တို့ကို မပြောနဲ့။ အစိုးရ ထိုးစစ်ဆင် နေသမျှတော့ ကျွန်တော်တို့ စုဆောင်းရမှာပဲ။ ဟု KIO နည်းပညာ အထောက်အကူပြုအဖွဲ့(TAT) ၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဒေါင်းဒါးက သွေးခွဲတဲ့စကား မီဒီယာတစ်ခုဆီမှာ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။လူမိုက်စကား ပြောမယ်ဆိုရင် ဦးဒေါင်းဒါး ဘယ်လိုအဆင့်အတန်း ရှိသလဲဆိုတာ ဖော်ပြရာရောက်နေပြီး KIA ဖမ်းဆီးခံ ရှမ်း များကိုပြန်လွှတ်ပေးဖို့ လေသံတောင်မဟတာက တိုင်းရင်းသား အချင်းချင်းကြား ကိုယ်ချင်းစာစိတ်မရှိသူဟု သက်မှတ်ရတော့မည် ဖြစ်ပါသည်။

ကချင်ပြည်နယ်မှာ ကချင်တစ်မျိုးတည်းနေခြင်းမဟုတ်ပါ။ ရှမ်းနီ၊ လီဆူး၊ ရ၀မ်၊ ပလောင်၊ ဗမာ၊ ရခိုင် စသည့် တိုင်းရင်းသားများလည်း နေထိုင်ကြပါသည်။ KIA ဖမ်းဆီးထားသော တိုင်းရင်းသားများစွာလွတ်မြောက်ရန် ရှမ်းမျိုးနွယ်စု ရေးရာအဖွဲ့၏ ကြိုးပမ်းအားထုတ်မှုများက အသိအမှတ်ပြုစရာကောင်းပါသည်။ထိုအဖွဲ့နှင့်အတူ အခြားသော တိုင်းရင်း သားပြည်သူများကလည်း လက်တွဲပါဝင်ပြီး KIA ဖမ်းဆီးခံ ရှမ်းတိုင်းရင်းသား များလွတ်မြောက်ရေး တောင်းဆိုပေး ကြရပါမည်။ ရိုးသားစွာပြောရလျှင် KIA ကြောင့် ရှမ်းနဲ့ ကချင်ကြားမှာ အမုန်းတရားများ မတိုးပွားစေချင်ပါကြောင်း ရေးသားလိုက်ရပါသည်။

ဇင်သန့်









အပြည့်အစုံသို့ >>

Followers