ဤဘလော့စာမျက်နှာတွင် ဖော်ပြထားသော သတင်း၊ဆောင်းပါး၊ ကော်ပီ သတင်း၊ ဆောင်းပါးများအား ခွင့်ပြုချက်တောင်းစရာမလို ကြိုက်နှစ်သက်ရာ နေရာတွင် ကူးယူဖော်ပြနိုင်ပါသည်

Oct 10, 2011

မြစ်ဆုံ စီမံကိန်း ရပ်ဆိုင်းမှု နှင့် သူတို့ သဘောထား

ဒေါက်တာ ထွန်းလွင် (မိုးလေ၀သပညာရှင်)။ ။ကောင်းတယ်။ ဝမ်းလည်း သာတယ်။ ကြိုလည်းကြိုဆိုတယ်။ သမ္မတကြီးကိုလည်း ကျေးဇူးတင် တယ်။ မြန်မာပြည်သူတစ်ရပ်လုံး ကိုယ်စားကျေးဇူးတင်ပါတယ်။ ဒါ ဟာDemocrative Practice ကို ပြလိုက်တာဖြစ်တဲ့အတွက် အနာ ဂတ်တိုင်းပြည်အတွက်လည်း အတော်အားရှိပါတယ်။ ပြည်သူ တွေ အတွက်လည်း ကောင်းတယ်။ ဒီမိုကရေစီ ကျင့်စဉ် အတွက် လည်းကောင်း တယ်။ ပတ်ဝန်းကျင် ထိမ်းသိမ်းရေး အတွက်ရော ရာသီဥတု အတွက်ပါ ကောင်းတယ်။ နောက်ပြီး ပြည်သူလူ ထုနဲ့ အစိုးရ ရင်ကြားစေ့ ရေးဆုံးဖြတ်ချက်လည်း ဖြစ်ခဲ့တဲ့ အတွက် အရမ်း ကောင်းပါတယ်။


ဦးသိန်းညွှန့် (ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်)။ ။မနေ့က လွှတ်တော်မှာ သမ္မတကြီးကသူ့လက်ထက် မှာ မြစ်ဆုံဆည် ကိစ္စကို မလုပ်တော့ဘူးလို့ သ၀ဏ်လွှာ ပေးပို့ ခဲ့တယ်။ ညနေပိုင်း မှာ လွှတ်တော် ကိုယ်စားလှယ် တွေဖြစ်တဲ့ ဦးသိန်းဆွေနဲ့ ဒေါ်ဒွဲဘူက ထောက်ခံတယ်။ ကျွန်တော်က လည်း လွှတ်တော် ဥက္ကဋ္ဌကြီးကို ခွင့်တောင်းပြီး ထပ်ဆင့် ထောက်ခံ ခဲ့တယ်။ နံပါတ် ၁ အချက် က မြစ်ဆုံ ကိစ္စမှာ ပြည်သူ့ဆန္ဒ ကို အလေးထား တယ်။ နောက်တစ်ခု က အကျဉ်း သားများကို အခြေခံ ဥပဒေဘောင် အတွင်းက ပြန်လွှတ် ပေးမယ်ဆိုပြီး သ၀ဏ်လွှာ မှာပါတဲ့အတွက်ကြောင့်မို့လို့ ထောက်ခံ တာပါ။ သမ္မတကြီးရဲ့ သ၀ဏ်လွှာကို ဖတ်ကြားပြီး တဲ့အချိန် မှာတော့ လွှတ်တော် ကိုယ်စားလှယ်တွေ အားလုံး နီးပါးက တစ်ခဲနက်သြဘာပေးကြတယ်။ ဒါပေမယ့် အရင် စကားကျွံ ထားတာရှိတဲ့ လွှတ်တော် အမတ်တွေလည်းရှိတယ်။ အခု ဆုံးဖြတ်ချက်က အမျိုးသား အကျိုးစီးပွားကို အလေး ထားပြီး ပြည်သူ့ အစိုးရဖြစ်ကြောင်း လှစ်ဟ ပြလိုက်သလို့ မြစ်မင်း ဧရာ ပျောက်သွားရင် မြန်မာ့ဘ၀ပါ ပျောက်သွားမှာ။ ဧရာဝတီမြစ်ဆုံ ကိစ္စက တစ်ပါတီ၊ တစ်ဦးတည်းနဲ့ဆိုင်တဲ့ ကိစ္စ မဟုတ်ပါဘူး။ တစ်မျိုးသားလုံးနဲ့ဆိုင်တဲ့ကိစ္စပါ။


ဦးခင်မောင်ဆွေ(အမျိုးသား ဒီမိုကရေစီအင်အားစုပါတီခေါင်းဆောင်)။ ။ပြည်သူက တင်မြောက် ထားတဲ့ အစိုးရဖြစ်တယ်ဆို တာကို ဒီသမ္မတ ကြီးရဲ့သ၀ဏ်လွှာက သက်သေပြ တယ်လို့ ပြောလို့တယ်။ ဒါကကောင်း တဲ့ကိစ္စပါ။ ဒီမိုကရေစီ လမ်း ကြောင်းကို သွားနေတဲ့အချိန်မှာ သမ္မတကြီး က အမြော် အမြင်ကြီး စွာနဲ့ပြုလုပ်လိုက်တာပဲ။ မြစ်ဆုံကိစ္စ ကလည်း အခုအစိုးရရဲ့လက်ထက်မှာ ဆက်မလုပ် တော့ဘူးဆိုတာကိုပဲ ဖော်ပြ ထားတယ်။ အခုရရှိခဲ့တဲ့အရှိန်ကို အသုံးချပြီး နောက် တက်မယ့်အစိုးရ တွေကိုလည်း ဒီကိစ္စ ဆက်မလုပ်ဖို့ ဆက် မလုပ်နိုင်တဲ့ အခြေအနေဖြစ်ပေါ် လာအောင် ပြုလုပ်ရမယ်။


Global Green ဥက္ကဋ္ဌ ဒေါ်ဒေဝီသန့်စင်။ ။သမ္မတကြီးက ပြည်သူ့အသံ ကို အလေးထားပေးတဲ့အတွက် ကြို ဆိုပါတယ်။ ဒါပေမဲ့ အကန့်အသတ် တစ်ခုနဲ့ သူ့ရဲ့သက် တမ်း တစ်ခုအ တွက်ပဲ တာဝန်ယူထားတော့ နောက်ပိုင်းအပြောင်းအလဲတစ်စုံ တစ်ခုကြောင့်ဖြစ်ရင် နောက်လူက ရော ဒီလိုပဲ တာဝန်ယူပေးမလား ပေါ့။ သမ္မတကြီး လုပ်သွားတဲ့ လမ်း စဉ်အတိုင်း လိုက်ရင်တော့ ဘာမှ ပြောစရာမလိုဘူးပေါ့။ ဘာပဲဖြစ်ဖြစ် ကျွန်မသဘောကတော့ မြစ်ဆုံ နဲ့ ဧရာဝတီကို လုံးဝကို မထိစေချင် တာ


FREDA အသင်း ဒုတိယဥက္ကဋ္ဌ ဦးအုန်းနှင့် စာရေး ဆရာ ဒေါက်တာခင်မောင်ညို။ ။သမ္မတ ကြီး ၏ ဆုံးဖြတ်ချက်သည် ဒီမိုကရေစီစနစ်၏ အစဖြစ်ကြောင်း ပြောကြားကြသည်။


ပြန်ပြည့်ဖြိုးမြဲစွမ်းအင် အသင်း အထွေထွေအတွင်းရေးမှူး ဦးအောင်မြင့်။ ။မြစ်ဆုံတစ်ခုတည်းနဲ့ ကျွန် တော်တို့ ရပ်နေလို့မရပါဘူး။ ဧရာဝ တီဖြစ်ကြီးတစ်ခုလုံးဟာ မြန်မာနိုင်ငံ ရဲ့ ရေပိုရေလွှဲ ၇ဝ ရာခိုင်နှုန်း လောက်ကို ပံ့ပိုးပေးနေတဲ့အတွက် ဒီမြစ်ကြီးတည်မြဲဖို့ စီမံကိန်းချပြီး ရှေ့ ဆက်ဆောင်ရွက်သင့်ပါတယ်။ နိုင်ငံ တကာမှာလည်း မဲခေါင်မြစ်ကြီးကို သက်ဆိုင်ရာ နိုင်ငံတွေက ထိန်း သိမ်းဖို့ လုပ်နေတယ်။ မြစ်တစ်စင်း ဟာ အရေးမပါဘူးဆိုရင် ဘယ်သူ ကမှ အချိန်ကုန်ခံပြီး လုပ်နေမှာ မ ဟုတ်ဘူး။


ဦးဂျေယောဝူ (အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၊ ကချင်ပြည် နယ်မဲဆန္ဒနယ် ၁၂၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ။ ။စက်တင်ဘာလ ၃၀ ရက်နေ့ လွှတ်တော်အစည်းအဝေးများ၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ဧရာဝတီမြစ်ဆုံဆည် တည်ဆောက် ခြင်း စီမံကိန်းအား လက်ရှိအစိုးရသက်တမ်း (ငါးနှစ်) ပြီးသည်အထိ ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း အချက် ၁၀ ချက်ပါ သ၀ဏ်လွှာ ဖြင့် ပေးပို့ခဲ့ရာ အဆိုပါဆုံးဖြတ်ချက်အားလွှတ်တော် ကိုယ်စားလှယ်များက တစ်ခဲနက် ကြိုဆိုခဲ့ကြသည်။



ဦးခက်ထိန်နန် (အမျိုးသားလွှတ်တော် ကိုယ်စားလှယ်၊ ကချင်ပြည်နယ် မဲဆန္ဒနယ်၁၊ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီပါတီ ကချင်ပြည်နယ်) ။ ။ကျွန်တော်တို့သမ္မတကြီးက တအား သဘောထားကြီးမားပြီး ပြည်သူများအသံကို နားဆင်ပြီးမှ ဒီလို ပိတ်ပင်ပေးလိုက်တာ ကျွန်တော်တို့ ပြောမကုန်အောင်ပဲ ၀မ်းသာပါတယ်။ ဘာကြောင့်လဲဆိုတော့ တိမ်ကောပပျောက်သွားတော့မယ့်၊ ဆုံးပါးသွားတော့မယ့် ကျွန်တော်တို့မြစ်ကို ပြန်အသက်သွင်းပေးတယ်။ ဆုံးပါးသွားတော့မယ့် ကိုယ့်အမေ ပြန်အသက်ရှင်ကျန်းမာလာတဲ့သဘော ဖြစ်သွား လို့ ၀မ်းသာပါတယ်။ သမ္မတရဲ့ ခေါင်းဆောင်ကောင်းပီသမှုပေါ့လေ။ မပြောတတ်လောက်အောင် ကျွန်တော်တို့ ပြည်သူတွေ ၀မ်းသာ တယ်။ သမ္မတရဲ့ စီမံခန့်ခွဲမှု၊ အမြော်အမြင်ကြီးမားမှုတွေ တအားပါပါတယ်။ ကျွန်တော်ဆို ငိုပါတယ်။ မျက်ရည်တွေ တအားကျလာ တယ်။ လွှတ်တော်ရဲ့အသံ၊ ပြည်သူ့အသံတွေကို တကယ်ပဲ ထိရောက် နေပါလားဆိုပြီး ...။ ကိုယ်ကလည်း ဒီလို ဖြစ်စေချင်လို့၊ ကိုယ် စားလှယ်တွေကလည်း ၀ိုင်းဝန်းပြီး မြစ်ဆုံကို မပပျောက်စေချင်တဲ့အကြောင်း ပြောနေကြတာပဲ။ အားလုံးက ဒီလိုဆုံးဖြတ်ပေးလိုက်တဲ့ အတွက် တော်တဲ့၊ ခေါင်းဆောင်ကောင်း ပီသတဲ့ သမ္မတကြီးပဲလို့ မှတ်ချက်ချချင်ပါတယ်။

ဒေါက်တာအေးမောင် (အမျိုးသား လွှတ်တော်ကိုယ်စားလှယ်၊ရခိုင်ပြည်နယ် မဲဆန္ဒနယ် ၁၊ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေးပါတီ) ။ ။မြစ်ဆုံစီမံကိန်းရပ်သွားတော့ ကချင်ပြည်နယ်သားတစ်ယောက်အနေနဲ့ရော၊ စဒကပါတီရဲ့ ဥက္ကဋ္ဌတစ်ယောက်အနေနဲ့ရော၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် တစ်ယောက်အနေနဲ့ရော၊ နိုင်ငံသားတစ်ယောက်အနေနဲ့ ရော ကျွန်တော့ဘ၀မှာ အပျော်ရွှင်ဆုံးအချိန် ဒီအချိန်ဖြစ်တယ်။ ဒီမြစ်ဆုံ Dam ကြီးဟာ ကချင်ပြည်နယ်သာ မဟုတ်ဘူး။ တစ်နိုင်ငံလုံးကို ကောင်းကျိုးလည်းပေးနိုင်သလို အဆိုးဝါး ဆုံး အခြေအနေလည်း နိုင်ငံနဲ့ချီပြီးပေးနိုင်တဲ့ဟာကို ကျွန်တော်တို့ အားလုံး ပြည်သူရဲ့ဆန္ဒ၊ လွှတ်တော်ရဲ့ဆန္ဒ၊ ပြည်ထောင်စုအစိုးရ အားလုံးကပါ ဒါကိုအကောင်းဆုံး စီစဉ်ဆောင်ရွက်တဲ့အတွက် ကျွန်တော် အတိုင်းမသိဝမ်းသာသလို တစ်နိုင်ငံလုံးအတွက် ၀မ်းသာ စရာ အကောင်းဆုံးအချက်တစ်ချက်ဖြစ်ပါတယ်။

ဦးဌေးဦး (ပြည်သူ့လွှတ်တော် ဟင်္သာတမဲဆန္ဒနယ်၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) ။ ။မြစ်ဆုံဆိုတာလေ National Heritage Area တစ်ခုဖြစ်တာပေါ့။ Landmark ပဲလေ။ Reservoir Areaထဲမှာ ပါသွားမယ့် သစ်တွေက ကုန်သွားပြီ။ ကျွန်တော်တို့ ကြားထားတယ်..ဆိုတော့ ဘယ်လောက်ပဲဖြစ်ဖြစ် ကျွန်တော်တို့လူထုက ဧရာဝတီကြီးကို စိတ်ပူပြီးကာမှ ဆွေးနွေးကြတယ်။ ပညာရှင်တွေက ပါဝင်ပြီးတော့ ဆွေးနွေးကြတဲ့အခါကျတော့ ဧရာဝတီကို ကယ်တင်ချင်ကြတဲ့ ပြည်သူတွေရဲ့ ဆွေးနွေးကြတဲ့ အသံတွေကို ပစ်ပယ်မှုမလုပ်ဘဲ သမ္မတကြီးကလည်း ဒါကြီးကို ပြန်ပြီးကာမှ စဉ်းစား ဆင်ခြင်သုံးသပ်တယ်။ နောက် မြစ်ဆုံနဲ့ပတ်သက်လို့ သုံးသပ်ပါလိမ့်မယ်။ မြစ်ဆုံ ဆိုတဲ့ဟာမျိုးက တကယ်ကျတော့ ဧရာဝတီရဲ့အစပေါ့။ မြန်မာ ပြည်သူတွေအတွက် ရော၊ တကယ့် origin ကချင် လူထုအတွက်ရော မြစ်ဆုံကို ရှောင်ကွင်းခြင်းအားဖြင့် ဖြစ်ပေါ်လာတဲ့ ပြည်ထောင်စုရဲ့ သွေးစည်း ညီညွတ်မှု စိတ်ဓာတ်ကို ပြန်လည်ရလာနိုင်မယ့် ညီညွတ်မှုကို သမ္မတကြီးက အမိန့်နဲ့အရယူလိုက်တဲ့သဘောပေါ့။ မြစ်ဆုံကို အခုလိုရပ်ဆိုင်းလိုက်တယ်ဆိုတာဟာ ပြည်သူတွေရဲ့ နှလုံးသားကို ရယူနိုင်သလိုပေါ့။ အဲဒါကြောင့် ကျွန်တော့အနေနဲ့ ပါတီ ဥက္ကဋ္ဌ အနေနဲ့လည်း ထောက်ခံတယ်။ အစိုးရ ကတိက၀တ်တွေကို စိစစ်ရတဲ့အမျိုးသားလွှတ်တော်ရဲ့ ကော်မတီဥက္ကဋ္ဌတစ်ဦးအနေနဲ့ရော။ ကျွန်တော်တို့ ရှေ့ဆက်သွားမယ့်လမ်းဟာ တော်တော်လေးကို transition period တစ်ခုရဲ့ အစကို လှမ်းနေကြပြီလို့ မြင်တယ်။ ဒါကြီးဟာ အင်မတန်ပြောင်းလဲမှုမြန်တယ်လို့ ပြောလို့မရဘူး။ ဗိုလ်ချုပ်အောင်ဆန်း ပြောခဲ့သလိုပဲ၊ အတော်ကို ရုန်းနိုင်မှ၊ ကုန်းလုပ် နိုင်မှဆိုတာလေ။ ဒီလောက် speed နဲ့ သွားနိုင်မှ။ အဓိကကတော့ မြစ်ဆုံကစပြီး တိုင်းရင်းသား သွေးစည်းညီညွတ်မှုကို နိုင်ငံတော် သမ္မတကြီးက ရသွားပြီ။

ဒေါ်အောင်ဆန်းစုကြည်။ ။ကျွန်မ နားလည်သလောက်က ဒီမနက် လောက်ကနေပြီးတော့ လွှတ်တော်ကို သမ္မတကြီးဆီကနေ ပြီးတော့ သ၀ဏ်လွှာ ပို့တယ်လို့ပြောပါတယ်။ အဲဒီသ၀ဏ်လွှာမှာ ဆိုရင် သမ္မတကြီး ကနေပြီးတော့ ပြည်သူလူထုရဲ့ စိုးရိမ်ကြောင့်ကြမှုတွေ ကိုထောက်ထား ပြီးတော့ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ရပ်ဆိုင်း ထားမယ်လို့ မှာကြားလိုက် တယ်လို့ ကျွန်မ နားလည်ပါတယ်။ ဒါကတော့ ကျွန်မအမြင်မှာ ပြည်သူလူထု ရဲ့အသံကို နားထောင် တယ်ဆိုတာ အင်မတန်မှ ကောင်းပါတယ်။

ဒီဟာက အစိုးရတိုင်း လုပ်ရမယ့်ကိစ္စပါ။ ပြည်သူတွေရဲ့ အသံကိုနားထောင်ရမယ်။ ပြည်သူတွေ ရဲ့စိုးရိမ်ကြောင့်ကြမှု တွေကို တကယ်ပဲ လေးလေးနက်နက် ထားပြီးတော့ဖြေရှင်း ပေးရမယ်။ အဲဒါကြောင့် ကျွန်မကဒါကိုကြိုဆိုပါတယ်။


အော်ပီကျယ် (ကာတွန်း)။ ။မြစ်ဆုံဆည် တည်ဆောက်မှု စီမံကိန်း ခဏရပ် သွားတာ ကတော့ အင်မတန် ၀မ်းသာ ပါတယ်။ ဒီကိစ္စ ပေါ်လာမှ ဧရာဝတီမြစ်မှာ ရွှေတူး နေတဲ့ကိစ္စတွေ၊ မြစ်ကြောင်း တိမ် ကော လာတာတွေ ပေါ်လာတယ်။ အရင်တုန်း ကဖြစ်သလိုနေ ခဲ့တဲ့အကျိုး ရလဒ် တွေက ပေါ်လာတယ်။ ကျွန်တော်တို့ အနေနဲ့ ဧရာဝတီ မြစ်နဲ့ ပတ်သက်ပြီး မြစ်ဆုံ ကိစ္စ တစ်ခုက နေအခြား ရောဂါ တွေဖြစ်တဲ့ သောင်ထွန်းတာတွေ၊ ကမ်းပြို တာတွေ ကိုပြုပြင်ထိမ်းသိမ်း ရမှာဖြစ်သလို ရွှေတူး နေတဲ့ကိစ္စ ကိုလည်း ရပ်တန့် နိုင်အောင် ဆက်လက် လုပ်ဆောင် သွားရမယ်။ လူမမာ တစ်ဦး လိုပဲ ရောဂါ တစ်ခုဖြစ်လာ ရင် အခြား အလုပ် တွေဖြစ်တဲ့ ဆေးလိပ်၊ ကွမ်း စတာ တွေကို သွယ်ဝိုက်ပြီး လျှော့ချနိုင် အောင် လုပ်သလို ပဲရမယ်။

No comments:

နောက်ဆုံးတင်ခဲ့သော ပို့စ် များ

My Blog List

နောက်ဆုံးပေးခဲ့သော မှတ်ချက်၊အကြံပြုစကားများ